မီဒီယာလွတ်လပ်ခွင့် ကျဆင်းဟု RSF ပြောကြား

မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေတွေကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့် အဆင့်အတန်း ထပ်မံကျဆင်းနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ RSF နယ်စည်းမခြား သတင်းသမားများ အဖွဲ့က သတိပေးလိုက်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံက နောက်ဆုံးအခြေအနေတွေကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့် အဆင့်အတန်း ထပ်မံ ကျဆင်းနိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ RSF နယ်စည်းမခြား သတင်းသမားများအဖွဲ့က သတိပေး လိုက်ပါတယ်။

Reuters သတင်းထောက် ၂ ယောက်ကို နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးလိုက်တာ အပါအဝင် သတင်းမီဒီယာတွေ အပေါ် ဖိနှိပ်မှုတွေကြောင့် နှစ်ဆန်းပိုင်းက အခြေအနေတွေထက် နောက်ထပ် ကျဆင်းနိုင်ကြောင်း ပြင်သစ်အခြေ စိုက် RSF အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာတုန်းက ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံဟာ ဒီအရင်နှစ်ကထက် အဆင့် ၆ ဆင့် ထပ်မံကျဆင်းပြီး ၁၃၇ နေရာမှာ ရှိနေခဲ့တာပါ။

ဒါပေမဲ့လည်း အခုနောက်ထပ် သတင်းမီဒီယာတွေအပေါ် ခြိမ်းခြောက်နှောင့်ယှက်မှုတွေကြောင့် ရှေ့လာမယ့်နှစ် အညွှန်းကိန်းမှာ ဒီထက်အဆင့် ထပ်ကျမယ့် အလားအလာ ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။

တခြားသတင်းသမားတွေကို အပြစ်ပေးအရေးယူတာ၊ အမှုရင်ဆိုင်နေရတာတွေ ရှိနေသလို၊ သတင်းသမားတွေ အနေနဲ့ အာဏာပိုင်တွေက အပြစ်ပေးအရေးယူတာ ခံရမှာစိုးတဲ့အတွက် ကိုယ့်ဖာသာ ဆင်ဆာတည်းဖြတ်ရတဲ့ အခြေအနေမျိုးတွေနဲ့ မီဒီယာရဲ့ ဘက်မလိုက်တဲ့ ရပ်တည်ချက်ကို ထိခိုက်နေကြောင်းလည်း ဖော်ပြထားပါ တယ်။

ဒီအတွက် ထောင်ဒဏ်အပြစ်ပေးထားတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို အမြန်ဆုံးပြန် လွှတ်ပေးဖို့ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကို ကန့်သတ်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ခြိမ်းခြောက်နှောင့်ယှက်မှုတွေ မရှိစေဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ Reuters သတင်းထောက် ၂ ယောက်ကို သတင်းထောက်တွေအဖြစ် အရေးယူအပြစ်ပေးခဲ့တာမဟုတ်ဘဲ နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုအတွက် တရားရုံးက ဆုံးဖြတ်စီရင်ခဲ့တာသာဖြစ်ကြောင်း ပြောဆိုထားတာပါ။

ဒါပေမဲ့လည်း သတင်းထောက် ၂ ယောက်ကို တရားခွင်မှာ စစ်ဆေးရာမှာ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့သလား ဆိုတဲ့အပေါ်မှာ မေးခွန်းထုတ်မှုတွေ ရှိနေသလို၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org