ရုရှား-မြန်မာ စစ်တပ်နှစ်ခု ပိုမိုပူးပေါင်းနိုင်ခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌပြော
ရုရှားနဲ့ အမြဲတမ်းမိတ်ဆွေနိုင်ငံ၊ အမြဲတမ်းမဟာမိတ်နိုင်ငံတွေအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
-
RFA Burmese
2023-02-17 -
-
-
စစ်ကောင်စီလက်ထက်မှာ ရုရှား-မြန်မာ နှစ်နိုင်ငံ စစ်တပ်နှစ်ခုအကြား အရင်ထက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သလို ကာကွယ်ရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ကုန်သွယ်ရေးနဲ့ အခြားကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း မြှင့်တင်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပြောပါတယ်။
နေပြည်တော်မှာ ပြုလုပ်တဲ့ ၇၅ နှစ်မြောက် ရုရှား-မြန်မာ သံတမန်ဆက်သွယ်ထူထောင်မှု အထိမ်းအမှတ် ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်မှာ ပြောခဲ့တာပါ။
ရုရှားနဲ့ အမြဲတမ်းမိတ်ဆွေနိုင်ငံ၊ အမြဲတမ်းမဟာမိတ်နိုင်ငံတွေအဖြစ် ဆက်လက် ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
စစ်တပ်အရာရှိကြီးတွေ ချစ်ကြည်ရေးခရီး အပြန်အလှန် လည်ပတ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ဘက်၊ အရပ်ဘက် ပညာတော်သင်တွေ ထပ်မံစေလွှတ်ရေး၊ နိုင်ငံတကာနဲ့ ဒေသတွင်း ဆက်ဆံရေးအခြေအနေတွေကို ပိုကောင်းအောင် ဆောင်ရွက်ဖို့ လုပ်ငန်းတွေမှာ နုစ်နိုင်ငံပူးပေါင်းဆောင်ရွက်မယ်လို့လည်း သူက ဆိုပါတယ်။
စစ်ကောင်စီကို အာဆီယံအပါအဝင် နိုင်ငံတကာက ဖယ်ကြဉ်ထားတာကြောင့် ဘဝတူ ရုရှားနိုင်ငံကို ဖက်တွယ်ထားတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်က RFA ကို ဖြေဆိုထားပါတယ်။
“သေချာတာကတော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့နဲ့ ပူးတွဲဆောင်ရွက်တဲ့ တိုင်းပြည်တွေ ကမ္ဘာမှာ မရှိသလောက် ရှားပါးနေတဲ့အချိန်မှာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်တဲ့ ရုရှားနိုင်ငံကို အတင်းကို ဖက်ပြီးတော့ အားကိုးတကြီးနဲ့ အားကိုးရှာနေတဲ့ အနေအထားမှာ ရှိနေပါတယ်”
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အင်အားကြီးနိုင်ငံတချို့ဟာ နိုင်ငံငယ်လေး တွေအပေါ် မလိုတစ်မျိုး၊ လိုတစ်မျိုးလုပ်ပြီး ဖိအားပေးအကျပ်ကိုင်တာ၊ အနိုင်ကျင့် ဗိုလ်ကျတာနဲ့ ခွဲခြားဆက်ဆံတာတွေ လုပ်နေတယ်လို့ ပြောပါတယ်။
စစ်အာဏာသိမ်း နှစ်နှစ်အတွင်းမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို သုံးကြိမ်သွားရောက်သလို ရုရှားထုတ် ခေတ်မီဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။
ဒါ့အပြင် မြန်မာပြည်ထဲမှာ အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့လည်း စစ်ကောင်စီနဲ့ ရုရှားတို့ သဘောတူညီချက် ရယူထားပါတယ်။