ရုရှား မြန်မာ အနုမြူ နည်းပညာကိစ္စ ညှိနှိုင်း
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု တိုးတက်လာရေးအတွက် အဆင့်မြင့်နျူကလီးယား အနုမြူစွမ်းအင် နည်းပညာတွေ ပံ့ပိုးပေးရေးအတွက် ရုရှနဲ့ မြန်မာ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ရုရှနိုင်ငံထုတ် စပွတ်နစ်မဂ္ဂဇင်းက ဖေါ်ပြ ပါတယ်။
-
2015-04-13 -
-
-
မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု တိုးတက်လာရေးအတွက် အဆင့်မြင့်နျူကလီးယား အနုမြူစွမ်းအင် နည်းပညာတွေ ပံ့ပိုးပေးရေးအတွက် ရုရှနဲ့ မြန်မာ ဆွေးနွေးညှိနှိုင်းနေတယ်လို့ ရုရှနိုင်ငံထုတ် စပွတ်နစ်မဂ္ဂဇင်း က ဖေါ်ပြပါတယ်။
မြန်မာအတွက် အဆင့်မြင့် နျူကလီးယား အနုမြူ နည်းပညာရပ်တွေ ပံ့ပိုးကူညီနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေဖန်တီးဖို့ ရုရှနိုင်ငံရဲ့ Rosatom ခေါ် ရုရှား အနုမြူစွမ်းအင် အေဂျင်စီနဲ့ မြန်မာအစိုးရ တို့ ဆွေးနွေးနေကြောင်း၊ လိုအပ်တဲ့ အခြေအနေတွေထဲမှာ ဥပဒေနဲ့ ညီညွတ်တဲ့ အခင်းအကျင်း အနေအထားတွေ၊ လေ့ကျင့်သင်တန်းပေးရေးအစီအစဉ် စတာတွေပါဝင်ကြောင်း ရုရှားအနုမြူစွမ်းအင်အေဂျင်စီ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Kirill Komarov က ပြောပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပတဲ့ ဂျပန်အနုမြူ စက်မှုလုပ်ငန်း ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
သူက ဆက်လက်ပြောဆိုရာမှာ ဒီအစီအစဉ်တွေဟာ ကနဦး ဆွေးနွေးညှိနှိုင်းနေတဲ့အဆင့်မှာသာ ရှိနေပါသေးတယ်၊ ဒါပေမဲ့ တခြား အာရှပစိဖိတ်ဒေသက နိုင်ငံတွေလိုဘဲ မြန်မာဟာလည်း လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်စွမ်း တိုးတက်လာဖို့၊ အနုမြူစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်နိုင်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်လို့ ရုရှားအနုမြူစွမ်းအင်အေဂျင်စီ လက်ထောက် ညွှန်ကြားရေးမှူးချုပ် က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းက ရုရှားအနုမြူစွမ်းအင်အေဂျင်စီ လက်ထောက် ညွှန်ကြားရေးမှူးချုပ် နောက်တစ်ဦးဖြစ်တဲ့ Nikolay Spassky ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း မြန်မာနိုင်ငံ အနေနဲ့ ရုရှ နဲ့အတူ ပူးတွဲပြီး အနုမြူစွမ်းအင်ကို ငြိမ်းချမ်းတဲ့နည်းနဲ့အသုံးပြုဖို့ စိတ်ဝင်စားကြောင်း အတည်ပြုပြော ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နျူကလီးယားအနုမြူနည်းပညာ လေ့လာရေးဌာနတစ်ခုထူထောင်ဖို့ ၂၀၀၇ ခုနှစ် မေလက ရုရှနဲ့ မြန်မာအစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီထဲမှာ ၁၀ မဂ္ဂါဝပ် အနုမြူ ဓါတ်ပေါင်းဖိုတစ်လုံးနဲ့ ဆေးပညာသုံး အနုမြူ ဓါတ်ခွဲခန်းတစ်ခု တည်ဆောက်ရေး၊ နျူကလီးယား စွန့်ပစ်အညစ်အကြေး ထိန်းသိမ်းရေးနဲ့ မြှုပ်နှံရေးအစီအမံတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့ပြင် အဲဒီဌာနအတွက် မြန်မာ ၃၀၀ ကနေ ၃၅၀ ကို ရုရှားတက္ကသိုလ်တွေမှာ လေ့ကျင့်ပေးမယ်လို့ ဆိုပါတယ်။