စစ်ကောင်စီဥက္ကဋ္ဌရဲ့ ရုရှားခရီးစဉ် လက်နက် ဝယ်ယူဖို့လား၊ သံတမန် ဆက်ဆံရေးလား

အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ ရုရှားနိုင်ငံကနေ စစ်ကောင်စီအပေါ် အသိအမှတ်ပြုမှု ရရှိရေးနဲ့ စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအတွက် ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ရုရှား ကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့အတူ ၂၀၂၁၊ ဇွန် ၂၂ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ တွေ့ရစဉ် Photo: HANDOUT, VADIM SAVITSKY / RUSSIAN DEFENCE MINISTRY / AFP

အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ ရုရှားနိုင်ငံ မြို့တော်မော်စကိုမှာ ဇွန်လ ၂၂ ရက်ကစလို့ သုံးရက်ကြာ ကျင်းပမယ့် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံကို တက်ရောက်ဖို့ မော်စကို ကို ဇွန်လ ၂၀ ရက်နေ့ကတည်းက ရောက်ရှိနေပါတယ်။

ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းမှုကြောင့် လတ်တလော ပြည်တွင်းရေးအခြေအနေ ရှုတ်ထွေးနေချိန်မှာ စစ်တပ်ရဲ့ အမြင့်ဆုံးရာထူး ယူထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တိုင်းပြည် ပြင်ပထွက်ပြီး ရုရှားနိုင်ငံကို ကိုယ်တိုင်သွားရောက်တဲ့အပေါ် ထူးခြားတဲ့ခရီးစဉ်အဖြစ် ပြည်သူအများစုက မှတ်ယူ နေကြပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဒီခရီးစဉ်ဟာ ရုရှား အစိုးရဆီကနေ စစ်ကောင်စီအပေါ် အသိအမှတ်ပြုမှု ရရှိဖို့နဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး သုတေသီ တစ်ဦးဖြစ်တဲ့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

"UN လက်နက်စီးဝင်မှု ချုပ်ထိန်းဖို့ ဆုံးဖြတ်ချက်ချတာတွေ ရှိနေတဲ့အချိန် နိုင်ငံတကာကလည်း ဖိအား ပေးနေချိန်မှာ စစ်ကောင်စီနဲ့ ပေါင်းသင်းဆက်ဆံရေး အားကောင်းနေတဲ့ တရုတ်နဲ့ ရုရှားနိုင်ငံအပေါ် တလေးတစား သွားပြီး ဆက်ဆံရေး တိုးမြှင့်တယ်လို့ မြင်တယ်။ သူ့ဘက်ကနေ ထောက်ခံပေးဖို့၊ ပံ့ပိုး ပေးဖို့အတွက် ကြိုးစား အားထုတ်တယ်လို့ မြင်တယ်။ အထူးသဖြင့် သူ့အပေါ်မှာ ထောက်ခံမှု၊ ပံ့ပိုးမှု လျော့မသွားဖို့အတွက် တစ်တပ်တစ်အား ကြိုးစားတဲ့ သဘောကို ဆောင်တယ်။ သူ့ရဲ့ ပရိုတိုကောတွေ၊ ဘာတွေတောင် ဘာမှမစဉ်းစားတော့ဘူး။ သူ့အပေါ်မှာ ထောက်ခံဖို့ ဆက်လက်ပံ့ပိုးဖို့အတွက် သူသွားတယ်။ နောက်တစ်ခုကတော့ လက်နက်စီးဆင်းမှု ကန့်သတ်ရေး ထိန်းချုပ်မှုကို ပြန်ပြီး လမ်းကြောင်းဖော်ဖို့ ကြိုးစားတယ်လို့ မြင်တယ်။"

မြန်မာဟာ ရုရှားနိုင်ငံနဲ့ တည်နေရာအနေအထား ဝေးကွာပေမယ့် မြန်မာနိုင်ငံက စစ်အစိုးရအဆက်ဆက် လက်ထက်ကတည်းက ရှည်လျှားတဲ့ ဆက်ဆံရေးရှိခဲ့ပြီး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ကတော့ ဒီနှစ်ပိုင်းအတွင်းမှာ ပိုများလာတာ တွေ့ရပါတယ်။

အဲဒီအထဲမှာ ရုရှားကနေ မြန်မာစစ်တပ်ကို စစ်သင်တန်းပေးတာ၊ ထောင်နဲ့ချီတဲ့ စစ်သားတွေကို ရုရှား တက္ကသိုလ်တွေ ကနေ ပညာသင်ဆုတွေ ပေးတာတွေအပြင် မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာတွေ လည်း ပါဝင်တယ်လို့ စစ်ရေးသုတေသီတွေက ပြောပါတယ်။

(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တပ်မတော်နေ့ အခမ်းအနားမှာ တွေ့ရစဉ်) Photo: REUTERS

စစ်တပ် အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၊ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ခရီးစဉ်ဟာ သံတမန်ဆက်ဆံရေးအတွက်ဖြစ်ပြီး၊ လက်ရှိပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ မသက်ဆိုင်ဘူးလို့ RFA ကို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ပဲ တိုက်ရိုက်သက်ဆိုင်တာ ဖြစ်တယ်။ ရုရှားသွားလို့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုတာက တကယ်တမ်းကတော့ နိုင်ငံတကာ အဆင့်အတွက်၊ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နောင်တစ်ချိန်မှာ အရေးပါမယ့် အာရှပစိဖိတ်ဒေသဆိုင်ရာ ငြိမ်းချမ်းရေးတို့၊ မြန်မာနဲ့ ရုရှားဟာ မဟာဗျူဟာမိတ်ဖက်အဖြစ် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ မှာ အင်မတန်အရေးပါတဲ့ နေရာမှာ ရှိတယ်။ အထူးသဖြင့်တော့ နိုင်ငံတကာအဆင့်ပါ။ ပြည်တွင်းကိစ္စရပ် အတွက်ကတော့ သွားတဲ့ခရီးစဉ်က အဲလောက်ထိ အရေးမကြီးဘူး။ အာရှပစိတ်ဖိတ်ဒေသရဲ့ အရေးကြီးတဲ့ ပွိုင့်တစ်ပွိုင့်မှာ မြန်မာက ရောက်နေတဲ့အပြင် မြန်မာနိုင်ငံရဲ့ ဘင်္ဂလားပင်လယ်အော်၊ မုတ္တမပင်လယ် စတဲ့ ရေကြောင်းဆိုင်ရာ လုံခြုံရေးအတွက် ဒါဟာ အရေးကြီးတဲ့ ဖိတ်ခေါ်ချက်ဖြစ်ပြီး မြန်မာကလည်း မဖြစ်မနေ သွားတက်ရောက်တဲ့ပွဲပါ။"

မြန်မာနဲ့ ရုရှားဟာ စစ်ရေးဆိုင်ရာ မဟာမိတ်စာချုပ် ချုပ်ဆိုထားတာကြောင့် ဒီခရီးစဉ်ကတစ်ဆင့် နည်းပညာ ဆိုင်ရာ ပူးပေါင်းဖလှယ်မှုတွေ၊ ရုရှားနဲ့ မြန်မာကြား အနာဂတ်အတွက် လုံခြုံရေးဆိုင်ရာ ပူးပေါင်းမှုနဲ့ စီးပွားရေး ဆိုင်ရာ ပူးပေါင်းမှုတွေ ပါလာနိုင်တယ်လို့လည်း ဦးသိန်းထွန်းဦးက ပြောပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို RFA က အွန်လိုင်းကတဆင့် ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

"ဒီအစည်းအဝေးက နိုင်ငံ့အကြီးအကဲတွေ အစည်းအဝေး မဟုတ်ဘူး။ ကာကွယ်ရေးဝန်ကြီးတွေ အစည်းအဝေး"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ခံယူချင်တဲ့အတွက် ကာကွယ်ရေးဝန်ကြီးတွေသာ တက်လေ့ရှိတဲ့ ရုရှားနိုင်ငံက လုံခြုံရေး အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်တာ ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

"တကယ်က ဒီအစည်းအဝေးက နိုင်ငံ့အကြီးအကဲတွေ အစည်းအဝေး မဟုတ်ဘူး။ ကာကွယ်ရေးဝန်ကြီး တွေ အစည်းအဝေး။ ကာကွယ်ရေးဝန်ကြီးတွေ တက်ရမှာလေ။ သို့သော်လည်း ကာကွယ်ရေးဝန်ကြီး ကိုယ်စား နိုင်ငံ့အကြီးအကဲအနေနဲ့ သွားတက်တာကတော့ အသိအမှတ်ပြုခံချင်လို့ တက်ရောက်တယ်လို့ပဲ ယူဆတယ်။ သူသွားရတဲ့ ရည်ရွယ်ချက်က သူ့အဆင့်အတန်းထက် တစ်ဆင့်နိမ့်တဲ့ ဝန်ကြီးများ အစည်းအဝေးတောင် သူ့အနေနဲ့ တက်ပြရလောက်အောင်ကို နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုကို ခံချင်လို့ သွားရောက်တယ်လို့ပဲ ယူဆကြောင်း ပြောချင်ပါတယ်။"

စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ စစ်ရေးအရ အကူအညီရဖို့အတွက် တရုတ်နိုင်ငံကိုသာ အဓိက အားထားနေတာ ဖြစ်ပြီး၊ ဒီခရီးစဉ်ကနေ ရုရှားထံက လိုအပ်တဲ့ စစ်ရေးဆိုင်ရာ လက်နက်တွေ ဝယ်ယူနိုင်မှာဖြစ်တယ်လို့လည်း ဦးသိန်းစိုးနိုင် က သုံးသပ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ ငါးလနီးပါးကာလအတွင်း တိုင်းပြည်ပြင်ပထွက်တဲ့ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။

ပထမအကြိမ်ကတော့ ပြီးခဲ့တဲ့ ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပတဲ့ အာဆီယံ အထူးအစည်းအဝေးကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

အခု ရုရှားခရီးစဉ်မှာတော့ “မော်စကို ကိုရောက်ရှိနေတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ခံတွေ့ဆုံမှာ မဟုတ်ဘူး” လို့ ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၂၀ ရက်နေ့က နိုင်ငံတကာသတင်းမီဒီယာတွေကို ပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စု နဲ့ EU ဥရောပသမဂ္ဂနိုင်ငံတွေကလည်း လတ်တလော မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ထိပ်တန်းအရာရှိတွေကို သူတို့နိုင်ငံတွေဆီ ဖြတ်သန်းသွားလာခွင့်နဲ့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ပြီး အရေးယူ ဒဏ်ခတ်ထားပါတယ်။

ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကတော့ မြန်မာနိုင်ငံက စစ်အာဏာ သိမ်းမှုကို ပြစ်တင်ရှုတ်ချထားပြီး၊ စစ်ကောင်စီကို တစ်ကမ္ဘာလုံးက ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ “မြန်မာနိုင်ငံထံ လက်နက်များ စီးဝင်နေမှုကို တားဆီးရေး” (Prevent the flow of arms to Myanmar) ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။

လတ်တလောမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်နဲ့ သူ့ခရီးစဉ်အပြီးမှာ ပြည်တွင်း နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေ ဘာတွေထူးခြားလာမလဲဆိုတာကို ပြည်သူအများစုက စိတ်ဝင်တစားစောင့် ကြည့်နေပါတယ်။

ထူးခြားချက်တစ်ခုကတော့ စစ်တပ်က အာဏာမသိမ်းခင် ၁၀ ရက်အလို၊ အခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu မြန်မာနိုင်ငံကို ရုတ်တရက် ရောက်လာပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို သီးသန့်တွေ့ဆုံခဲ့ပါတယ်။

ရုရှားကာကွယ်ရေးထိပ်တန်း ခေါင်းဆောင်တစ်ဦးဟာ အဲဒီအချိန်က အာဏာရအစိုးရ ထိပ်တန်း ခေါင်ဆောင်တွေ ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့ကို မတွေ့ဘဲ ပြန်သွားခဲ့တဲ့ အပေါ် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အငြိမ်းစား စစ်တပ်အရာရှိကြီး တစ်ဦးဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေးလေ့လာ သုံးသပ်သူတစ်ဦးကတော့ “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံရေးအခြေအနေ တင်းမာနေချိန်မှာ ရုရှား နိုင်ငံက ကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို ရုတ်တရက်ရောက်လာပြီး ဗိုလ်ချုပ်မှူးကြိး မင်းအောင်လှိုင် နဲ့သာ သီးသန့် တွေ့ဆုံခဲ့တဲ့အပေါ် မြန်မာပြည်သူတွေ သဘောပေါက်သင့်တယ်” လို့ RFA ကို ပြောကြားခဲ့ ဖူးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org