သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းတိုက်ပွဲမှာ စစ်ကောင်စီအဖွဲ့ဝင် ခြောက်ရာကျော် လက်နက်ချ
ကရင်ပြည်နယ် မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိ၊ တပ်သားနဲ့ မိသားစုတွေအပါအဝင် လူ ၆၀၀ ကျော် လက်နက်ချခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-04-06 -
-
-
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ ကရင်ပြည်နယ် မြ၀တီမြို့နယ်က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အရာရှိ၊ တပ်သားနဲ့ မိသားစုတွေအပါအဝင် လူ ၆၀၀ ကျော် လက်နက်ချခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဧပြီလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
သင်္ဃန်းညီနောင်စစ်ဗျူဟာအခြေချစခန်းကို ဧပြီလ ၅ ရက်နေ့လယ်ပိုင်းမှာ သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ အရာရှိအဆင့် (၆၇) ဦး၊ အခြားနဲ့တပ်သားအဆင့် (၄၁၀) ဦး၊ ရဲမေ (၅၉)ဦး နဲ့ တပ်မိသားစုဝင် (၈၁) ဦး စုစုပေါင်း (၆၁၇)ဦး လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လက်နက်ခဲယမ်းမီးကျောက်များစွာလည်း သိမ်းယူရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီစခန်းဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး ၁၉၆၈ ခုနှစ်ကတည်းက အခြေချခဲ့တဲ့စခန်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီစခန်းကြောင့် အဲဒီနယ်မြေတွင်းနေထိုင်ကြတဲ့ ကရင်လူမျိုးနဲ့အခြားလူမျိုးတွေရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍတွေ ထိခိုက်ကျဆင်းခဲ့ရတဲ့အပြင် ရိုးရာယဉ်ကျေးမှုတွေလည်း ပျက်စီးပျောက်ကွယ်ခဲ့ရသလို ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကင်းမဲ့ရတာကြောင့် အခုလိုသိမ်းယူခဲ့တာလို့ KNU က ထုတ်ပြန်ပါတယ်။
မြ၀တီမြို့နယ်က ခလရ (၂၇၅) ကိုလည်း KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီတပ်ရင်းကနေ အလံဖြူထောင် လက်နက်ချသူ ၄၀၀ ကျော်ရှိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က RFA ကိုပြောပါတယ်။ ကျားဖြူစစ်ကြောင်း ဖေ့ဘွတ်စ်စာမျက်နှာမှာလည်း ခလရ (၂၇၅) တပ်ရင်းက လူ ၄၀၀ ကျော် အလံဖြူထောင်တယ်လို့ ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KNU ဘက်ကတော့ တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။
မြဝတီမြို့ရဲ့ ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူထားနိုင်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
ဗျူဟာကုန်းသိမ်းခံရတာ၊ စစ်ကောင်စီတပ်သားတွေ လက်နက်ချတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချူပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
မတ်လဆန်းကစတင်ခဲ့တဲ့ မြဝတီမြို့အနီး သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ (၃၅၅)၊ ခမရ (၃၅၆)၊ ခမရ (၃၅၇) နဲ့ သင်္ဃန်းညီနောင် ဗျူဟာကုန်းကို (KNLA) နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။