စစ်ကောင်စီ နိုင်ငံရေးထွက်ပေါက်ရှာနိုင်ကြောင်း KNU သတိပေး

မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပြတာ၊ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကို ပြန်လွှတ်ပြီး အပေးအယူလုပ်တာ၊ ဆွေးနွေးတာတွေမျိုး ရှိလာနိုင်တယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြည်သူလူထုကို သတင်းစကားပြောကြားနေစဉ်။ KNU

နိုင်ငံရေး၊ စစ်ရေးအရ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ပြည်သူလူထု ဝေဝါးစေနိုင်တဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာနိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီး က သတိပေးလိုက်ပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က KNU ရဲ့ ပြည်သူလူထုကို သတင်းစကားပြောကြားတဲ့ ရုပ်သံအစီအစဉ်မှာ အဲ့ဒီလို ထည့်သွင်းပြောကြားခဲ့တာပါ။

မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပြတာ၊ ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ကို ပြန်လွှတ်ပြီး အပေးအယူလုပ်တာ၊ ဆွေးနွေးတာတွေမျိုး ရှိလာနိုင်တယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်နေရာ ဟန်ပြအပြောင်းအလဲလုပ်ဆောင်လာနိုင်တဲ့ အခြေအနေကို တွေ့မြင်နေရတယ်လို့လည်း ပြောပါတယ်။

ဒါကြောင့် ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုအားလုံး လုံးဝတွေဝေမနေဘဲ အာဏာရှင်စနစ်ပြုတ်ကျရေး ဆက်လက်လုပ်ဆောင်သွားဖို့ တိုက်တွန်းထားပါတယ်။

KNU ဘက်က အခုလိုသုံးသပ်ပြောဆိုတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကိုလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်ပြီး ဘက်ပြောင်းလက်တွဲပူးပေါင်းဖို့လည်း KNU က ဖိတ်ခေါ်ထားပါတယ်။

KNU ဟာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဘယ်လိုညှိနှိုင်းမှု အပေးအယူကိုမှ လက်မခံဘဲ ပြည်သူလူထုနဲ့အတူ ရပ်တည်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ပဒိုစောတောနီးက ပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းတဲ့နောက်ဆက်တွဲ အကြမ်းဖက်တိုက်ခိုက်တာတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်းကျော်အတွက် လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ၊ အရေးပေါ် စားနပ်ရိက္ခာတွေ ကူညီပေးဖို့လည်း ပဒိုစောတောနီးက နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org