ဆဒုံးစစ်ဌာနချုပ်တစ်ခုလုံး KIA သိမ်းပိုက်

ဆဒုံးမြို့က စစ်ကောင်စီဌာနချုပ်တည်ရှိရာ ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုစလုံးကို ဇွန်လ ၁၁ ရက် ဒီနေ့သိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

နမ့်ဖက်ကာအခြေစိုက် စစ်ကောင်စီ ခလရ (၁၂၃) တပ်ရင်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် KIA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

ကချင်ပြည်နယ် ဆဒုံးမြို့က စစ်ကောင်စီဌာနချုပ်တည်ရှိရာ ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုစလုံးကို ဇွန်လ ၁၁ ရက် ဒီနေ့သိမ်းပိုက်လိုက်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

ဝိုင်းမော်-ကန်ပိုက်တီလမ်းမပေါ်မှာရှိတဲ့ဆဒုံးမြို့ ဗျူဟာကုန်း၊ ဆဒုံး-ချီဖွေလမ်းမမှာပေါ်ရှိတဲ့ ၁၃ မိုင် စုပေါင်းဂိတ်၊ ဘွမ်တောင်စခန်း၊ လဖိုင်စခန်းနေရာတွေကို တစ်ရက်တည်း တိုက်ခိုက်သိမ်းယူခဲ့တာလို့ သူက ပြောပါတယ်။

"ကျွန်တော်တို့ KIA က ဒီနေ့သိမ်းလိုက်နိုင်တဲ့စခန်းက လေးခုရှိပါတယ်။ နောက် ပြည်သူ့စစ်တို့ ထိုင်နေတဲ့စခန်းငယ်လေးတွေ သူ့တို့ဘာသာသူတို့ စွန့်လွှတ်သွားတာပေါ့နော်။အဲဒါတွေလည်း ရှိပါတယ်။ နောက်ဆုံးအခြေအနေကိုပြောမယ်ဆိုရင်ဝိုင်းမော်လမ်းနဲ့ ကန်ပိုက်တီဘက်ကိုတက်သွားတဲ့ လမ်းတစ်ကြောက အတော်များများတော့ ကျွန်တော်တို့သိမ်းပိုက်နိုင်သလို သူတို့စွန့်ခွာသွားတာတွေရှိပါတယ်။"

ဝိုင်းမော်နဲ့ ကန်ပိုက်တီ လမ်းတစ်လျှောက်စခန်းတွေကို KIA တပ်တွေက သိမ်းပိုက်ထားပြီး နေ့တိုင်းတိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိတိုက်ပွဲကြောင့် ဝိုင်းမော်မြို့နယ်ထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူတွေ ထွက်ပြေးနေရသလို ထိခိုက်သေဆုံးတာလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဆဒုံးစစ်ဌာနချုပ်တစ်ခုလုံးကို KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်လို့ မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူရရှိထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org