စစ်ကောင်စီ တာဝါတိုင်စခန်းတစ်ခုကို KNU နဲ့ မဟာမိတ်အဖွဲ့တွေ သိမ်းယူ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နဲ့ ဘုတ်ပြင်းမြို့နယ်အစပ်က စစ်ကောင်စီရဲ့ ၁၀၂၀ တာဝါတိုင်အထိုင်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ KNU တာဝန်ရှိသူတွေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
-
RFA Burmese
2024-05-11 -
-
-
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နဲ့ ဘုတ်ပြင်းမြို့နယ်အစပ်က စစ်ကောင်စီရဲ့ ၁၀၂၀ တာဝါတိုင်အထိုင်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ ၄ လက်အောက်ခံတပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် မဟာမိတ်တပ်တွေက မေလ ၁၁ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ KNU တာဝန်ရှိသူတွေနဲ့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒီစခန်းကို စစ်ကြောင်း နှစ်ကြောင်း ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဒီတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အမည်မဖော်လိုတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"၁၀၂၀ စခန်းသိမ်းလိုက်တာ ဟုတ်ပါတယ်၊ တပ်ရင်း ၁၁ နဲ့ PDF တွေနဲ့ ပူးပေါင်းထားတဲ့ စစ်ကြောင်းရယ်၊ KTLA စစ်ကြောင်းရှိတယ်၊ အဲဒီစစ်ကြောင်းနှစ်ကြောင်းက ပူးပေါင်းပြီးတိုက်တာ၊ မဟာမိတ်အဖွဲ့တွေက တရားဝင်ထုတ်ပြန်ပါလိမ့်မယ်"
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ တာဝန်ရှိသူတစ်ဦးကလည်း ၁၀၂၀ တာဝါတိုင်စခန်းသိမ်းတာကို အတည်ပြုပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
၁၀၂၀ တာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ဧပြီ ၃၀ ရက်ကစပြီး Black Cobra စစ်ကြောင်းက တိုက်ခိုက်နေတာလို့လည်း မေလ ၈ ရက်နေ့မှာ အဲဒီစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီဘက်က မေလ ၂ ရက်နေ့ကစပြီး လေကြောင်းကလေ အနီးအနားကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလိုဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဘုတ်ပြင်းမြို့နယ်က ရွာသာယာ၊ မနိုးရုံး၊ ခဲချောင်း၊ ဘန်းခွမ်း၊ သူးလေပလော၊ ကျားချောင်း၊ လန်းဖိုးကမ်း၊ နန်းတောင်၊ ထင်းမယ်၊ မနိုးလား စတဲ့ ရွာဆယ်ရွာက ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ တနင်္သာရီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးသက်နိုင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူခဲ့တဲ့ သရက်ချောင်းမြို့နယ်က ပဲဒက်စစ်ကောင်စီတပ်စခန်းကို စစ်ကောင်စီက ပြန်လည်ရရှိဖို့အတွက် လေကြောင်း၊ ရေကြောင်းတွေကနေ ဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်ကနေ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ (၃) တာဝန်ရှိသူတစ်ဦးက RFA ကို ပြောဆိုထားပါတယ်။