မြန်မာစစ်တပ်ကို ပြတ်ပြတ်သားသား အရေးယူဖို့ SAC-M တိုက်တွန်း
မြန်မာစစ်တပ်ဟာ ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေပေမဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ စစ်တပ်ကို ပြစ်မှုကျူးလွန်သူအဖြစ် ထုတ်ဖော်မပြောနိုင်ကြသေးဘူးလို့ SAC-M အဖွဲ့ဝင် မစ္စယန်ဟီးလီက ဝေဖန်ပါတယ်။
-
RFA Burmese
2023-10-12 -
-
-
ကချင်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုအတွက် မြန်မာစစ်ကောင်စီကို ပြတ်ပြတ်သားသားအရေးယူဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က အောက်တိုဘာ ၁၂ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေတဲ့ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက်နေ့ညမှာ စစ်တပ်က ပေါက်ကွဲမှုပြင်းတဲ့ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒုက္ခသည်မိသားစု ၁ဝဝ ခိုလှုံနေတဲ့ စခန်းပျက်စီးခဲ့သလို ကလေး ၁၁ ယောက်အပါအဝင် ၂၉ ယောက် သေဆုံးခဲ့တယ်လို့ SAC-M က အောက်တိုဘာ ၁၂ရက်နေ့ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုလို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ လူ့အသိုင်းအဝန်းထဲက အားအနည်းဆုံးသူတွေကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်နေပေမဲ့ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဟာ စစ်တပ်ကို ပြစ်မှုကျူးလွန်သူအဖြစ် ထုတ်ဖော်မပြောနိုင်ကြသေးဘူးလို့ SAC-M အဖွဲ့ဝင် မစ္စယန်ဟီးလီက ထောက်ပြထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေဘက်က ဘယ်တော့မှ ရပ်တည်မှာလဲဆိုပြီးလည်း သူက မေးခွန်းထုတ်လိုက်ပါတယ်။
အထူးအကြံပေးကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Chris Sidoti ကလည်း မုန်လိုင်ခက်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုဟာ မြန်မာပြည်သူတွေအပေါ် အကာအကွယ်ပေးဖို့ နိုင်ငံတကာ ပျက်ကွက်မှုရလဒ်ပဲလို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်အပေါ် ခိုင်မာတဲ့အရေးယူမှုတွေ ဆက်လက်ဆောင်ရွက်ဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ ပျက်ကွက်တာဟာ မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်တာပဲလို့လည်း Chris Sidoti က ဝေဖန်ပါတယ်။
မုန်လိုင်ခက်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရမှုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၃ ရက်ညက ဖားကန့်မြို့နယ် အနန့်ပါရွာမှာကျင်းပတဲ့ တေးဂီတဖျော်ဖြေပွဲကို လေကြောင်းကနေ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီးနောက် တစ်နှစ်အကြာမှာ လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။
စစ်ကောင်စီကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပေမဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေကတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုလို့ ပြောကြပြီး ကန့်ကွက်ရှုတ်ချကြတာဖြစ်ပါတယ်။