ကုလလုံခြုံရေးကောင်စီကို NUG နိုင်ငံခြားရေးဝန်ကြီး ပြင်းပြင်းထန်ထန်ဝေဖန်

ပဇီကြီးရွာတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဝေဖန်ရှုတ်ချဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။ RFA

ပဇီကြီးရွာတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက အပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တာဖြစ်ပါတယ်။

ပဇီကြီးရွာ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး မနေ့က ကျင်းပတဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ အခုလိုဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“နိုင်ငံတကာကနေ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းအဝေးမှာ ဗီတိုအာဏာရှိနေတဲ့ နိုင်ငံတချို့ရဲ့ ဒါဟာ ပြည်တွင်းရေးပဲ ဖြစ်တယ်ဆိုတဲ့ စဉ်းစားချက်ကနေ ကျော်လွန်ပြီးတော့ စဉ်းစားကြဖို့ လိုနေပြီလို့ ကျွန်မတို့အနေနဲ့ မြင်ပါတယ်။ အဲဒီတော့ ဗီတိုအာဏာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီးတွေအနေနဲ့ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေ ခံစားနေရတဲ့ ဖိနှိပ်မှုတွေ၊ အကြမ်းဖက် ရက်စက်မှုတွေဟာ မျက်ဝါးထင်ထင်ကို ဘယ်သူမှ လိမ်မရ ဖုံးကွယ်မရအောင် အားလုံးသိနေပြီးသားဖြစ်နေတာကို သိလျက်နဲ့ ပျက်ကွက်နေတာကိုက အင်မတန်မှ ရှက်စရာကောင်းတယ်။ ကုလသမဂ္ဂအနေနဲ့ရော လုံခြုံရေးကောင်စီအနေနဲ့ရော။ အထူးအားဖြင့် ဗီတိုအာဏာကိုင်စွဲထားတဲ့ နိုင်ငံတွေအနေနဲ့ ဒီကိစ္စမှာ ပိုတာဝန်ရှိတယ်လို့ ကျွန်မအနေနဲ့ မြင်မိပါတယ်”

ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးရွာ တိုက်ခိုက်ခံရပြီး နောက်တစ်နေ့မှာပဲ ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ လုံခြုံရေးကောင်စီတွင်း ဗီတိုအာဏာသုံးခွင့်ရထားတဲ့ ရှရှားနဲ့ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့တာကြောင့် အပြစ်တင်ရှုတ်ချခြင်းမရှိခဲ့ပါဘူး။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဟာ မြန်မာပြည်သူတွေကို ထိထိရောက်ရောက် အကူအညီမပေးနိုင်ဘူးလို့လည်း ဒေါ်ဇင်မာအောင်က အခုလို ဝေဖန်လိုက်ပါတယ်။

"စာရွက်စာတမ်း ကြေညာချက်တွေထက် ပိုရပ်တည်ဖို့လိုနေပြီဆိုတာ ဒီနှစ်နှစ်အတွင်းမှာ ကျွန်မတို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးဖြစ်တယ်။ ဒီလိုအကြမ်းဖက်မှုကို ကာကွယ်ဖို့ မပြောနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့တောင်မှ နိုင်ငံတကာအနေနဲ့ ဖြစ်ဖြစ်မြောက်မြောက်မပေးနိုင်ဘဲ အစည်းအဝေးတွေ အငြင်းအခုန်တွေနဲ့ ပြီးနေတာကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီလို့ ကျွန်မမြင်တယ်။ ဒါကြောင့် NUG နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။ နိုင်ငံတကာ တရားမျှတမှုဖော်ဆောင်ရေး mechanism တွေ၊ ICJ လို ICC လိုနေရာတွေကနေ တရားမျှတမှုဖော်ဆောင်ရေး ဆောင်ရွက်နေတာတွေရှိတယ်။ ဒီကိစ္စတွေမှာလည်း နိုင်ငံတကာက တာဝန်ရှိသူတွေအနေနဲ့ ကျွန်မတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုတယ်"

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး တက်ရောက်လာသည့် ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ် Zhang Jun။ (Photo: AFP)

လူပေါင်း ၁၈၆ ယောက်သေဆုံးခဲ့ရပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေး အယောက် ၄ဝ အထိပါတယ်လို့ အမျိုးသားညီညွတ်ရေး NUG က သေဆုံးသူတွေရဲ့ နာမည်စာရင်းတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။

ပဇီကြီးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်က ဝန်ခံထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org