စစ်ကိုင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး အပါအဝင် ခြောက်ဦး ဒဏ်ရာရ

စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ဘေးက လက်ပန်တောရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ၁၁ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရသွားပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် လက်ပန်တောရွာက လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်များကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဥ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ဘေးက လက်ပန်တောရွာကို နိုဝင်ဘာ ၁၇ ရက် မနေ့က ညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် ၁၁ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အရပ်သား ခြောက်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေက အသက် ၁၁ အရွယ် မချစ်ဖူးခက်၊ ၃၅ နှစ်အရွယ် မခင်စန်းအေး၊ ၅၅ နှစ်အရွယ် ဒေါ်သိင်္ဂီ၊ ၅၆ နှစ်အရွယ် ဒေါ်မူမူမြင့်၊ ၄၈ နှစ်အရွယ် ဦးဇော်ဝေရာနဲ့ ၆၅ နှစ်အရွယ် ဦးမောင်မြင့်တို့ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားတွေ ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဘက်မှာလည်း ဘာစစ်ရေးလှုပ်ရှားမှုမှလည်း ရှိတာမဟုတ်ဘဲနဲ့ လာပစ်သွားတာ။ ဂျက်ဖိုက်တာနဲ့ သုံးခေါက်ကို ရော့ကတ် ခြောက်လုံး ပစ်သွားတာ။ ၁၁ နှစ်အရွယ် ကလေးရဲ့ ဘယ်ဘက် လက်မောင်းအုံမှာ ထိတယ်။ သူ့ကိုတော့ ဆေးရုံဆေးခန်းမှာ သွားပြီးချုပ်ရတာမျိုးရှိတယ်။ ကျန်တဲ့လူကြီးတွေကတော့ ခြေထောက်တို့၊ လက်တို့၊ ခါးတို့ ထိတာ။ ပြီးတော့ နွားတွေ မှန်လို့ သေတာတွေလည်း ရှိတယ်”

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံး မီးလောင်ခဲ့ပြီး နောက်ထပ် နေအိမ်နှစ်လုံးလည်း ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာကလည်း လက်ပန်တောရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ဘာသာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ လက်ပန်တောရွာဟာ ဧရာဝတီမြစ်ဘေးမှာရှိပြီး မြစ်တစ်ဖက်ကမ်းမှာတော့ မန္တလေးတိုင်းက ငါန်းဇွန်မြို့နဲ့ နီးကပ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့ကတော့ ငါန်းဇွန်မြို့နယ်၊ ဧရာဝတီမြစ်အနီးက မြေတိုင်းရွာကို စစ်ကောင်စီထပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ၆ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org