စစ်ကိုင်းမြို့နယ်မှာ အရပ်သားသုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ
စစ်ကိုင်းမြို့နယ် ရွာသုံးရွာက အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မေလ ၁ ရက်နဲ့ ၂ ရက်တွေမှာ သတ်ဖြတ်ခဲ့တယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-05-02 -
-
-
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မောင်းထောင်၊ ထိန်ကုန်း၊ လက်ပံသာ စတဲ့ ရွာသုံးရွာက အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး မေလ ၁ ရက်နဲ့ ၂ ရက်တွေမှာ သတ်ဖြတ်ခဲ့တယ်လို့ စစ်ကိုင်းဒေသခံ တွေက RFA ကို ပြောပါတယ်။
ဧပြီလ ၃၀ ရက်ကစလို့ အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကိုင်းမြို့နယ် ရွာမရွာထဲ စီးနင်းပြီးနောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီတပ်သားတွေဟာ မူးမြစ်ကမ်းတစ်လျှောက် ရွာစဉ်စစ်ကြောင်း ထိုးလာပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁ ရက်မှာ မောင်းထောင်ရွာမှာနေထိုင်တဲ့ သိုးကျောင်းသားတစ်ဦး၊ ထိန်ကုန်းနဲ့ လက်ပံသာရွာက အသက် ၃၀ ကျော် အမျိုးသားတစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် ကိုကျော်ကျော်တို့ကို ဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“မောင်းထောင်မှာ ဖမ်းသွားတဲ့ သိုးကျောင်းသားလေးကို ဒီနေ့မနက် မအူပင်ရွာမှာ ပစ်သတ်သွားတယ်။ ဓားစာခံခေါ်ပြီး ပစ်သတ်သွားတဲ့သဘောပဲ။ ထိန်ကုန်း၊ လက်ပံသာ ရွာထဲမှာလည်း မနေ့က မေလ ၁ ရက်မှာ ပြည်သူနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ် သွားတယ်”
လက်ရှိမှာတော့ စစ်ကောင်စီတပ်သားတွေဟာ မအူပင်ရွာလှေဆိပ်ကနေ မြင်းမူမြို့နယ် ဘက်အခြမ်းကို စစ်ကြောင်းရွှေ့သွားတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းခရိုင်တပ်ရင်း (၈) တပ်ရင်းမှူး ကိုဒေဝကတော့ စစ်ကိုင်းမြို့နယ်ထဲ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ နှစ်ရက်နီးပါးတိုက်ပွဲ ဖြစ်ခဲ့ပြီး PDF ဘက်က ရဲဘော်နှစ်ဦး သေဆုံးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
မေလ ၂ ရက် ဒီနေ့မနက်ပိုင်းမှာလည်း မအူပင်ရွာက ဒေသကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခု စီးနင်းခံရလို့ လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့ရတယ်လို့ ကိုဒေဝက ဆိုပါတယ်။
အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သား ၃၄၄၇ ဦး ရှိလာပြီ ဖြစ်ပါတယ်။