တောင်သူ ၅၀ ကျော် လယ်မြေလျော်ကြေးပေးဖို့ ဆန္ဒပြတောင်းဆို
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းနီကယ်စက်ရုံ စီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ မြေယာဧက ၃ထောင် အတွက် လျော်ကြေးပေးဖို့နဲ့ စက်ရုံကို ဖျက်သိမ်းပေးဖို့ ဒေသ ခံတောင်သူ ၅၀ ကျော်က ဒီကနေ့ မုံရွာမြို့မှာ ဆန္ဒပြတောင်း ဆိုကြပါတယ်။
-
2016-07-25 -
-
-
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က တကောင်းနီကယ်စက်ရုံ စီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ မြေယာဧက ၃ထောင် အတွက် လျော်ကြေးပေးဖို့နဲ့ စက်ရုံကို ဖျက်သိမ်းပေးဖို့ ဒေသခံတောင်သူ ၅၀ ကျော်က ဒီကနေ့ မုံရွာမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
ကျောက်မီးသွေးအသုံးပြုနေတဲ့ နီကယ်စက်ရုံကို ဖျက်သိမ်းပေးစေချင်ကြောင်းနဲ့ မြေယာလျော်ကြေးတွေ ကို ပြန်ပေးစေချင်ကြောင်း တောင်သူ ဦးနေဝင်း က ပြောပါတယ်။
"အဲ့ဒီမြေတွေကို ပြန်လည်ရရှိရေး စစ်ကိုင်းတိုင်းအစိုးရရှိရာ မုံရွာမြို့အထိ လာရောက်ဆန္ဒပြတောင်းဆို တာဖြစ်ပါတယ်၊ သူတို့ကျောက်မီးသွေးသုံးတယ်၊ ကျောက်မီးသွေးနဲ့ ပတ်သက်ပြီးတော့ EITI တွေ ဘာမှမလုပ်သေးတဲ့အတွက်ကြောင့် ကျနော်တို့ စိုးရိမ်တယ်၊ ဒီနီကယ်စက်ရုံကို ဖျက်သိမ်းပေးဖို့အတွက် လာရောက်တောင်းဆိုတာဖြစ်တယ်၊ နောက် ဂရိတ်ဝေါစက်ရုံကလည်း စက်ရုံလည်ပတ်ခွင့် ပါမစ်မရဘဲနဲ့ လည်ပတ်နေတာဖြစ်တဲ့အတွက် တောင်သူတွေရဲ့ လယ်ယာမြေတွေကို လျော်ကြေးမပေးဘဲနဲ့ အဓမ္မ သိမ်းယူထားတဲ့အတွက် ဒီစက်ရုံကိုလည်း ပိတ်သိမ်းပေးဖို့ လာရောက်တောင်းဆိုတာဖြစ်ပါတယ်"
၂၀၀၈ ခုနှစ်က တောင်သူ ၁၄၀ ကျော်ပိုင်ဆိုင်တဲ့ ယာမြေဧက ၃ထောင်ခန့်ကို နီကယ်စက်ရုံစီမံကိန်းအတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သိမ်းဆည်းခဲ့ပြီး သီးနှံလျော်ကြေးအဖြစ် တစ်ဧကကို ငွေကျပ် ၅ သောင်းစီ ပေးအပ် ခဲ့ပါတယ်။
သိမ်းဆည်းစဉ်က သီးနှံလျော်ကြေးသာပေးခဲ့ပြီး မြေယာလျော်ကြေးပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြတောင်သူတွေက ပြောပါတယ်။
တကောင်းနီကယ်စက်ရုံကို အရင်က သတ္ထုတွင်းဝန်ကြီးဌာန လက်အောက် အမှတ် ၃ သတ္ထုတူးဖော်ရေးလုပ်ငန်းနဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ CNICOကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
နီကယ်စက်ရုံအနီးမှာ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂရိတ်ဝေါကုမ္ပဏီက သကြား၊ မြေသြဇာနဲ့ သစ်စက်ရုံ ၆ ရုံရှိပြီး အဲ့ဒီစက်ရုံတွေအတွက် မြေဧက တစ်ရာခန့်ကို ကုမ္ပဏီက သိမ်းယူထားတယ်လို့လည်း တောင်သူတွေက ပြော ပါတယ်။
ဆန္ဒပြသူတွေဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးရရှိဖို့၊ ဒေသခံတွေအတွက် လုံခြုံရေးစိုးရိမ်ရတဲ့ နီကယ်စက်ရုံကို ဖျက်သိမ်းပေးဖို့ နဲ့ ဂရိတ်ဝေါစက်ရုံ ၆ ရုံကိုပိတ်သိမ်းပေးဖို့တို့ကို တောင်းဆို ခဲ့ကြတာဖြစ်ပါတယ်။