စစ်ကိုင်းတိုင်း မြို့နယ်သုံးခုမှာ နှစ်ရက်အတွင်း နေအိမ် ၁၀၀၀ နီးပါး မီးရှို့ခံရ

ကသာ၊ ရွှေဘို နဲ့ မြောင်မြို့နယ်တွေမှာ နှစ်ရက်အတွင်း ကျေးရွာ ရှစ်ရွာက နေအိမ် ၁၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မီးရှို့ဖျက်ဆီးခံရသည့် ကသာမြို့နယ် အင်းကြီးရွာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်ကိုင်းတိုင်း ကသာ၊ ရွှေဘို နဲ့ မြောင်မြို့နယ်တွေမှာ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေအတွင်း ကျေးရွာ ရှစ်ရွာကနေအိမ် ၁၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က ကသာမြို့နယ် မယ်ငိုရွာ၊ တက်တူလယ်၊ သာယာကုန်း၊ အင်းကြီးရွာတွေကို ဖေဖော်ဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ် ၄၀၀ နီးပါးကိုမီးရှို့ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒီမှာ မီးရှို့ခံရတာက အင်းကြီးရွာက အများဆုံးပဲ အိမ်ခြေ ၃၆၀ နီးပါးလောက် ရှိတာ။ တစ်ရွာလုံးပြောင်အောင် ရှို့လိုက်တာ။ တိုက်နယ်ဆေးရုံနဲ့ ဘုန်းတော်ကြီးကျောင်းပဲ ကျန်တယ်။ ကျန်တဲ့ရွာတွေကတော့ အနည်းငယ်ပဲ မီးရှို့ခံရတယ်။ အဲဒီရွာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဝင်ရှို့တာ”

အဲဒီ စစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၃ ရက် မနက်ပိုင်းမှာလည်း အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့လှေဘိုရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး တစ်ရွားလုံးနီးပါး ပျက်စီးနိုင်တယ်လို့ သူကပြောပါတယ်။

အလားတူ ရွှေဘိုမြို့နယ်၊ တင့်တယ်ရွာနဲ့ ကျောက်မြင့် ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၂ ရက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တင့်တယ်ရွာက နေအိမ် ၄၀၀ နီးပါးနဲ့ ကျောက်မြင့်ရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ရွှေဘိုဒေသခံတစ်ဦးကပြောပါတယ်။ 

“စစ်ကောင်စီတပ်ရော၊ နယ်မြေခံပျူစောထီးပေါင်းရင် အင်အား ၁၀၀ လောက်ရှိတယ်။ ကျောက်မြင့်ကို အရင်စဝင်ပြီးမီးရှို့တာ။ စစ်ကြောင်းနှစ်ကြောင်းခွဲလိုက်ပြီး နောက်ထပ် စစ်ကြောင်းတစ်ခုက တင့်တယ်ကိုထပ်ရှို့တယ်”

စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် ကျောက်မြင့်၊ တင့်တယ်၊ ဘိုတဲ၊ ဆိပ်ခွန် စတဲ့ရွာတွေအပါအဝင် ကျေးရွာ ခုနစ်ရွာက ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ဒီအပြင် မြောင်မြို့နယ်၊ မရိုးကုန်းရွာကိုလည်း ဖေဖော်ဝါရီလ ၁၂ ရက်ညနေပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မရိုးကုန်းရွာရဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရသေးပါဘူး။

အရပ်သားနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နေအိမ်မီးရှို့ဖျက်ဆီးခံရမှု ဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်နေတဲ့ Data For Myanmar  အဖွဲ့ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၄၃၂၉၂ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org