စစ်ကိုင်းနဲ့ မကွေးမှာ ဝန်ထမ်းတစ်ထောင်နီးပါး ဘက်ပြောင်းလာကြောင်း NUG ပြော

NUG ထံ ဘက်ပြောင်းလာသူ တစ်ထောင်နီးပါးဟာ ဌာနဆိုင်ရာ ဝန်ထမ်းတွေသာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရဲနဲ့ စစ်ကောင်စီတပ်သားတွေတော့ မပါဝင်ဘူးလို့ ပြောပါတယ်။

ကနီမြို့နယ် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦး လူနာတင်ယာဉ်တစ်စီးနှင့်အတူ အလင်းဝင်လာသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်တော်

စစ်ကိုင်းနဲ့ မကွေးတိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ထံ ဘက်ပြောင်းပြီး CDM ဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၈၉၀ ရှိလာနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၁၄ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ ကျွန်းလှ၊ မုံရွာ၊ ဘုတလင်၊ မြင်းမူ၊ မြောင်၊ တန့်ဆည်မြို့တွေကနေ ၅၅၈ ဦး ဝင်ရောက်လာပြီး မကွေးတိုင်း ထီးလင်းမြို့ကနေ ၃၃၂ ဦး ဝင်ရောက်လာတာလို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

“တော်လှန်ရေးပြီးတဲ့ကာလ အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှု ဖော်ဆောင်တဲ့အခါမှာ ကိုယ့်ရဲ့ ဘဝ ရပ်တည်ရေး အထောက်အကူပြုဖို့အတွက် အချိန်ဆိုင်းမနေဘဲ လက်ရှိ စစ်အုပ်စုကို အထောက်အကူပြုနေတဲ့ လုပ်ရပ်ကို ရပ်တန်းက ရပ်ပြီးတော့ ပြည်သူနဲ့ ပူးပေါင်းပါ။ ပြည်သူ့ဘက်ကို လူကိုယ်တိုင် ကိုယ်ကျ မရောက်လာနိုင်သေးရင်တောင် တော်လှန်ရေးကို တစ်နည်းနည်းနဲ့ ပါဝင်နေကြပါလို့ အကြံပြုလိုပါတယ်”

NUG ထံ ဘက်ပြောင်းလာသူ တစ်ထောင်နီးပါးဟာ ဌာနဆိုင်ရာ ဝန်ထမ်းတွေသာဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ရဲနဲ့ စစ်ကောင်စီတပ်သားတွေတော့ မပါဝင်ဘူးလို့ ပြောပါတယ်။

ဘက်ပြောင်းလာတဲ့ Non-CDM ဝန်ထမ်းတွေထဲက စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ ပါဝင် ဆောင်ရွက်ခဲ့တဲ့ ဝန်ထမ်းနဲ့ ညွှန်ချုပ်အဆင့်ကို နိုင်ငံဝန်ထမ်းရေးရာ ဥပဒေနဲ့ မဖြစ်မနေ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေ ဘက်ပြောင်း CDM ဝင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ပြောခွင့်ရသူတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုရက်ပိုင်းတွေအတွင်း နိုင်ငံ့ဝန်ထမ်းတွေနဲ့ လုံခြုံရေး ဝန်ထမ်းတွေကို ဘက်ပြောင်းလာအောင် အသည်းအသန် စည်းရုံးခြိမ်းခြောက်တာတွေ တွေ့နေရပြီး ဒါဟာ တရားမျှတပြီး ပြည်သူတွေ ထောက်ခံတယ်လို့ပြောရင် အခုလို အသည်းအသန် အကြောက်အကန် လုပ်ဆောင်ဖို့ လိုမလားဆိုတာကို ပြည်သူလူထုတွေအားလုံး စဉ်းစား တွေးခေါ်ဖို့လိုကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေကနေတစ်ဆင့် ဒီဇင်ဘာလ ၁၂ ရက်နေ့က ပြောဆိုထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကိုင်းတိုင်း အတွင်းက ကောလင်း၊ ခါမ်းပါတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကို ကာကွယ်ရေးတပ်ဖွဲ့ တွေဘက်က ထိန်းချုပ် ထားနိုင်ပြီ ဖြစ်သလို မြို့နယ်အလိုက် Non-CDM ဝန်ထမ်းတွေကို အလင်းဝင်ဖို့ သတိပေး ထုတ်ပြန်ချက်လည်း ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org