စစ်ကိုင်းနဲ့ မြင်းမူမြို့နယ်အစပ်မှာ အလောင်းနှစ်ခုထပ်တွေ့၊ သတ်ဖြတ်ခံရသူ ၁၇ ဦးရှိလာ

မတ်လ ၂ ရက်နေ့က အရပ်သား ၁၄ ဦး သတ်ဖြတ်ခံထားရတဲ့ မြင်းမူမြို့နယ်ဘက်အခြမ်း ညောင်ရင်းကျွန်းပေါ် မှာပဲ ရုပ်အလောင်းတွေ ထပ်တွေ့ခဲ့ရတာလို့ ပြောပါတယ်။

မြင်းမူမြို့နယ်ဘက်အခြမ်း ညောင်ရင်းကျွန်းပေါ် တွင် အသတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က သယ်ယူနေစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ မြင်းမူမြို့နယ်အစပ်မှာ မတ်လ ၃ ရက် ဒီကနေ့မနက်ပိုင်းက သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၂၀ နဲ့ ၄၀ ကြားဝန်းကျင်ရှိတဲ့ အမျိုးသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေ ထပ်မံ တွေ့ခဲ့ရတယ်လို့ စစ်ကိုင်းမြို့နယ် တာတိုင်ဒေသခံတွေက RFA ကို ပြောပါတယ်။

မတ်လ ၂ ရက် မနေ့က အရပ်သား ၁၄ ဦး သတ်ဖြတ်ခံထားရတဲ့ မြင်းမူမြို့နယ်ဘက်အခြမ်း ညောင်ရင်းကျွန်းပေါ် မှာပဲ ရုပ်အလောင်းတွေ ထပ်တွေ့ခဲ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာတိုင်ရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက် ရုပ်အလောင်း နှစ်လောင်း ထပ်တွေ့တယ်။ တစ်ဦးကတော့ ဘယ်ကလဲဆိုတာ စုံစမ်းနေဆဲပဲ။ တစ်ဦးကတော့ တာတိုင်ရွာဒေသခံဆိုတာ သေချာတယ်”

တာတိုင်ကျေးရွာထဲ ပျောက်ဆုံးနေတဲ့ အရပ်သားတွေ ရှိနေသေးတာကြောင့် သေဆုံးမှုက အခုထက်ပိုပြီး တိုးလာနိုင်တယ်လို့ သူက ပြောပါတယ်။

မတ်လ ၁ ရက် မနက်အစောပိုင်းမှာ မြင်းမူမြို့နယ်ဘက်ကနေ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကောင်စီ တပ်သားတွေ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာထဲ ဝင်လာပြီးနောက် အရပ်သား ၁၅ ဦးဖမ်းဆီးခံခဲ့ ရတာပါ။ နောက်တစ်နေ့ မတ်လ ၂ ရက်မှာ အဲဒီစစ်ကြောင်းပြန်ထွက်သွားချိန် မြင်းမူမြို့နယ်ဘက်အခြမ်း ညောင်ရင်းကျွန်း ပေါ်မှာ ဖမ်းဆီးခံရသူတွေ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့အထိ သတ်ဖြတ်ခံရသူအရေအတွက်ဟာ တာတိုင်ရွာက အရပ်သားတွေဖြစ်တဲ့ အသက် ၄၀ အရွယ် ကိုကွန်း၊ ကိုလင်း၊ ကိုအောင်အောင်၊ ဒေါ်သန်းသွယ်၊ အသက် ၅၀ အရွယ် ကိုစိုးနိုင်၊ အသက် ၃၇ နှစ်အရွယ် ကိုကျော်စိုး၊ အသက် ၃၅ နှစ်အရွယ် ကိုကျော်ကျော်၊ အသက် ၂၅ နှစ်အရွယ် ကိုရဲလင်းအောင်၊ အသက် ၆၀ အရွယ် ဦးသိန်းထိုက်၊ အသက် ၁၇ နှစ်အရွယ် ကိုဇော်ဖြိုး၊ အသက် ၄၂ နှစ်အရွယ် ဦးထီလာနဲ့ ဒေါ်ဆွေဆွေဦး၊ အသက် ၄၄ နှစ်အရွယ် ဒေါ်ပန်းနွယ်နဲ့ အမည်မသိ အမျိုးသားသုံးဦး၊ မြင်မူမြို့နယ်၊ ညောင်ရင်းရွာက အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီ့အပြင် တာတိုင်ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် အသက် ၄၇ နှစ်အရွယ် ကိုကျော်ဇော ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်မှုတွေဟာ စစ်ရာဇဝတ်မှုကျူးလွန်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း အရပ်သားတွေသတ်ဖြတ်ခံရမှုအတွက် နိုင်ငံတကာတရားစီရင်ရေးဆိုင်ရာ ယန္တရားကို အချက်အလက်တွေ ပို့ထားပြီးဖြစ်သလို NUG ရဲ့ တရားစီရင်ရေးစနစ်နဲ့ ကျူးလွန်သူတွေကို အရေးယူမယ်လို့ မတ်လ ၂ ရက်နေ့က ကြေညာပါတယ်။

စစ်ကောင်စီဘက်ကတော့ ဒီသတ်ဖြတ်မှုတွေအတွက် သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကလည်း ဒီဖြစ်စဉ်ကို မသိရသေးဘူးလို့ RFA ကို ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာ သိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသူ ၃၀၇၅ ဦး ရှိလာပြီ ဖြစ်ပါတယ်။  

 

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org