ဆားလင်းကြီးနဲ့ ယင်းမာပင်အစပ်မှာ လေကြောင်းတိုက်ခိုက်လို့ လူ ငါးထောင်နီးပါး ထွက်ပြေး

ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကြားက ရွာတွေကို စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့လို့ အရပ်သား ငါးထောင်နီးပါးထွက်ပြေးနေရတယ်လို့ ကူညီနေသူတွေကပြောပါတယ်။

ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အကြားရှိ ရွာများကို လာရောက်ပစ်ခတ်သည့်ရဟတ်ယာဉ်အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်ကတွေ့ရစဉ် အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကြားက ရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၄ ရက် မနက် ၁၀ နာရီ ၃၃ မိနစ်မှာ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ပစ်ခတ်ခဲ့လို့ အရပ်သား ငါးထောင်နီးပါး ထွက်ပြေးနေရတယ်လို့ ကူညီနေသူတွေကပြောပါတယ်။

ဆားလင်းကြီးမြို့နယ် ဘိုက်သရက်၊ မတောင့်တ၊ ရွှေသမင်ရွာတွေနဲ့ ယင်းမာပင်မြို့နယ်က လည်ငေါက်၊ တဲစု စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကလာတဲ့ Mi-35 ရဟတ်ယာဉ်က ဆားလင်းကြီးမြို့နယ် ဘိုက်သရက်ရွာနဲ့ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာကိုဦးတည်ပြီး တစ်နာရီကြာ ပစ်ခတ်ခဲ့တာလို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေတဲ့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“ရွာနှစ်ရွာကို ပစ်တာဗျာ။ ရွာတွေကိုလည်း ပစ်တယ်။ ရွာရဲ့လမ်းဘေးတစ်လျှောက် PDF တွေ လာမယ့်အနေအထားကို စိုးရိမ်တဲ့အတွက် လမ်းဘေးဝဲယာတွေကို ပစ်သွားတယ်။ လေယာဉ် Mi 35 နဲ့ပစ်တာ။ ဒေသခံတွေကတော့ မနေ့က မတောင့်တ ရွာအကျော်မှာ စစ်ကားပျက်နေတဲ့အတွက် စစ်ကြောင်းကလည်း အဲ့နားက ရွာတွေကိုလည်း ဝင်ကြတာဆိုတော့ ပြည်သူတွေက ကြိုသတင်းရပြီး ရှောင်နေကြတာပေါ့။ လောလောဆယ် ထိခိုက်တာမကြားမိသေးဘူး”

လေကြောင်း တိုက်ခိုက်မှုအပြီးမှာ နောက်ထပ် Mi-17 ရဟတ်ယာဉ်တစ်စင်း ပျံသန်းခဲ့တယ်လို့ သူကပြောပါတယ်။

လေကြောင်း တိုက်ခိုက်ခံရတဲ့ ကျေးရွာနှစ်ရွာအကြား ဆားလင်းကြီးမြို့နယ်ကထွက်လာတဲ့ အင်အား သုံးရာဝန်းကျင်ပါ စစ်ကောင်စီတပ် (ကား ၁၆ စီး) စစ်ယာဉ်တန်း ဖြတ်သန်းနေတဲ့အတွက် ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီစစ်ကြောင်းဟာ ခြောက်လကြာ စစ်ဆင်ရေး စီမံချက်လုပ်ဖို့ လာတယ်လို့ သတင်းကြားထားကြောင်း ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“ကားက ၁၆၊ ၁၇ လောက် ရှိတယ်။ သူတို့ဆီမှာက ဟောင်ဝစ်ဇာလက်နက် ပါတယ်လို့ကြားတယ်။ လက်နက် တစ်လက်က ၁၂၀ မမပေါ့ တာဝေးပစ်။ တခြား ကွန်မန်ဒိုပြောင်းတွေလည်း ပါတယ်။ လက်နက်ကြီးတွေပေါ့။ ရွေ့လျားတပ်ရင်းတစ်ခုလောက်အထိ ပါဝါရှိတယ်ပေါ့။ ဒီအနောက်ဘက်ခြမ်းကို လာတဲ့ကိစ္စက သူတို့အနေနဲ့က ခြောက်လအပြတ် စစ်ဆင်ရေးပေါ့နော်။ လာတယ်လို့လည်း နားစွန်နားဖျား ကြားထားတာလည်းရှိတယ်”

စစ်ယာဉ်တန်းကို လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်နဲ့လည်း အောက်တိုဘာလ ၄ ရက် နေ့လယ်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူကပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ ရှစ်သိန်းကျော် (၈၁၃,၅၀၀) ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org