ပညာသင်ယူခွင့် ကန့်သတ်ချက် ဖြေရှင်းပေးဖို့ စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ဆန္ဒပြ

ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တောင်းဆိုထားတဲ့ တက္ကသိုလ်ပညာ သင်ယူခွင့်ရရှိဖို့ တောင်းဆိုချက်တွေကို ထောက်ခံတဲ့အနေနဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားတွေက ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းပညာရေးတက္ကသိုလ်ရှေ့မှာ ကျောင်းသားတွေ ပညာသင်ယူခွင့် ကန့်သတ်ချက် ဖြေရှင်းပေးဖို့ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ဆန္ဒပြစဉ် Photo: Khaymani Win/RFA

ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက တောင်းဆိုထားတဲ့ တက္ကသိုလ်ပညာ သင်ယူခွင့်ရရှိဖို့ တောင်းဆို ချက်တွေကို ထောက်ခံတဲ့အနေနဲ့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားတွေက ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆရာအတတ်သင် ကျောင်းသားတွေအတွက် တက္ကသိုလ်မှာ ပညာဆက်လက်သင်ယူခွင့် အကန့်အသတ်တွေ ဖယ်ရှားပေးဖို့၊ နှစ်သက်ရာ ဘာသာရပ်တွေကို ရွေးချယ်ယူခွင့်ရဖို့ ဒီအတွက် ပညာရေးဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးညှိနှိုင်းဖြေရှင်းပေးဖို့ဆိုတဲ့ အချက်တွေကို ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂက စက်တင်ဘာလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ အဲဒီတောင်းဆိုချက်တွေကို လိုက်လျောမပေးရင် အရှိန်မြှင့်ပြီး ဆန္ဒပြတောင်းဆို တာတွေ ဆက်လုပ်သွားမယ်လို့ စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂက ခေါင်ဆောင်တွေက ပြောပါတယ်။

ပညာရေးကောလိပ်က ကျောင်းသားတွေအနေနဲ့ တက္ကသိုလ် အဝေးသင်ပညာရေးစနစ်ကို သင်ယူချိန်မှာ ပထမနှစ်ကနေ စတင်သင်ယူရတာဟာ မဖြစ်သင့်ဘူးလို့လည်း ပြောကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မုံရွာပညာရေးကောလိပ်၊ တောင်ငူ ပညာရေးကောလိပ်တွေမှာ ကျောင်းသားတွေ ဆန္ဒပြခဲ့ပါတယ်။ ဒီနေ့မှာတော့ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ လှည်းကူးပညာရေးကောလိပ်နဲ့ ပခုက္ကူပညာရေးကောလိပ်တို့က ကျောင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org