စစ်ကိုင်းမြို့နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံနှစ်ဦး သေဆုံး

စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်ခဲ့ပြီး ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အစပ်ရှိ ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က မတ်လ ၁၆ ရက်မှာ နယ်မြေ ရှင်းလင်းရေး လုပ်ခဲ့ပြီး မယ်ဇလီချောင်းရွာက ဘုန်းကြီးတစ်ပါးနဲ့ ရွှေဂဲပြန်ရွာက အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မတ်လ ၁၅ ရက်ကစလို့ စစ်ကိုင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်က ရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေ နယ်မြေရှင်းလင်းရေးလုပ်ခဲ့တဲ့ရွာတွေကို မတ်လ ၁၈ ရက်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ဝင်ရောက်ရှာဖွေခဲ့တာပါ။

အဲဒီလိုရှာဖွေရာမှာ မယ်ဇလီချောင်းရွာက သက်တော် ၅၀ ဝန်းကျင်အရွယ် ဘုန်းကြီးတစ်ပါးရဲ့ ရုပ်အလောင်းနဲ့ ရွှေဂဲပြန်ရွာက အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"နယ်မြေရှင်းလင်းရေးဝင်တော့ အမျိုးသမီးအလောင်းတစ်လောင်း တွေ့တယ်။ ဘုန်းကြီးတစ်ပါး လက်နက်ကြီးမှန်ထားတာ တွေ့တယ်။ အမျိုးသမီးက စစ်ကိုင်းမြို့နယ်၊ ရွှေဂဲပြန်ရွာက ရွာထဲမှာတွေ့တာ။ ဘုန်းကြီးကျတော့ မယ်ဇလီချောင်းရွာမှာ တွေ့တာ"

သေဆုံးသူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘူးလို့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လက်ရှိမှာတော့ ရွှေဂဲပြန်ရွာနဲ့ မယ်ဇလီချောင်းရွာက ဒေသခံ တစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org