စစ်ကိုင်းမှာ ပြည်ခိုင်ဖြိုးနဲ့ အန်အယ်လ်ဒီ အပြန်အလှန် အမှုဖွင့်
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အန်အယ်လ်ဒီကို တိုင်ကြားထားတဲ့အမှုပေါင်း ၁၃ မှု ရှိပြီး အန်အယ်လ်ဒီက တိုင်ကြားမှု ၄ မှု ရှိတယ်လို့ သိရပါတယ်။
-
2015-12-03 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေချိုးဖောက်မှုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အန်အယ်လ်ဒီကို တိုင်ကြားထားတဲ့အမှုပေါင်း ၁၃ မှု ရှိပြီး အန်အယ်လ်ဒီက တိုင်ကြားမှု ၄ မှု ရှိတယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့မရဲစခန်းနဲ့ မြတောင်စံပြကျေးရွာရဲစခန်းတို့မှာ အပြန်အလှန်အမှုဖွင့်ထားတာဖြစ်တယ်လို့ NLD ပါတီရဲ့ ထီးချိုင့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်က ပြောပါတယ်။
"ကြံ့ခိုင်ရေးဘက်က NLD ကိုတိုင်တာ ၁၃ ဦးခင်ဗျ၊ NLD ဘက်ကတိုင်တာ ၄ ဦးရှိတယ်ပေါ့၊ အဓိကတော့ ဘာသာရေးနဲ့ ပတ်သက်ပြီးမှ ၄ ရက်နေ့မှာဖြန်တဲ့ကိစ္စကို ၅ ရက်နေ့မှာတိုင်တဲ့အမှုတွေဗျ၊ ဒေါ်စုကနေမှ ဘာသာရေးနဲ့ပတ်သက်လို့ NLD သမ္မတကို ဆရာဦးကိုနီကို တင်မယ်ဆိုတဲ့အကြောင်း၊ နောက်ပြီးတော့ ဒေါ်စု ကနေပြီးမှ Desmond tutu ဘုန်းတော်ကြီးကို အလေးအနက်ပြုတဲ့ပုံနဲ့ ဘာသာခြားတွေကို သရော်တဲ့ပုံတွေဖြန့်တဲ့ အဲ့အမှုတွေကို တိုင်ထားတာပါ"
အန်အယ်လ်ဒီပါတီကို တိုင်ကြားတဲ့ အမှုတွေထဲမှာ မဲဆွယ်စည်းရုံးစဉ် နိုင်ငံတော်သမ္မတကို ပုတ်ခတ်ပြောဆိုမှု ၊ ရွေးကောက်ပွဲနေ့မှာ မဲရုံတာဝန်ရှိသူတွေနဲ့ မဲပေးသူတွေကို ထမင်းထုပ်ဝေမှု စတာတွေနဲ့ တိုင်ကြားတာဖြစ်ပြီး ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကို ဘာသာရေးအသုံးချပြီး မဲဆွယ်စည်းရုံးမှု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီကို ပုတ်ခတ်မှုစတာတွေနဲ့ အန်အယ်လ်ဒီပါတီက ပြန်လည်အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ထီးချိုင့်မြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူ ၇ သောင်းနီးပါးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော် ၃ နေရာလုံးမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ထီးချိုင့်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကျားဖြူပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁ ဦး စုစုပေါင်း ၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။