စစ်ကိုင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁ ဦးသေဆုံး

RFA Burmese
2024.06.08
စစ်ကိုင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၁ ဦးသေဆုံး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က မကွေးမြို့အနီးတွင် ပြုလုပ်သည့် ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်‌ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်များ ပစ်ခတ်စဉ်။
AFP

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် သပြေသာ (ခေါ်) လက်ပံတန်းကျေးရွာ ဘုန်းကြီးကျောင်းကို ဇွန်လ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးနှစ်ပါး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပွဲချင်းပြီးသေသွားသူတွေနဲ့ ဒဏ်ရာရသူတွေလည်း များတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"နေ့လယ်ပိုင်း ဆယ်နာရီလောက်က သပြေသာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဝေဟင်နဲ့ ပစ်သွားတယ်၊ ဘုန်းကြီး နှစ်ပါးရယ်၊ အမျိုးသမီး တစ်ဦးရယ်၊ အမျိုးသား ရှစ်ဦးရယ် စုစုပေါင်း ၁၁ ဦးသေတယ်၊ ထိခိုက်ဒဏ်ရာရတာတွေလည်း များတယ်၊ အခုချိန်ထိ ဘယ်နှစ်ယောက်ဆိုတာ အတည်မပြုနိုင်သေးဘူး"

ဘုန်းကြီးကျောင်းဆောင် နှစ်ဆောင်လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သပြေသာကျေးရွာဘုန်းကြီးကျောင်းမှာ ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)၊ ပြည်သူ့ကာကွယ်ရေး (ပကဖ)၊ ပြည်သူ့လုံခြုံရေး (ပလဖ) စတဲ့ ပသုံးလုံး အစည်းအဝေး လုပ်နေစဉ်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတာလို့လည်း ဆိုပါတယ်။ ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်ကိုတော့ RFA အနေနဲ့ မသိရသေးပါဘူး။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်နဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာမှာ မင်္ဂလာဆောင်ကျင်းပနေချိန် စစ်ကောင်စီ တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃၃ ဦးရှိလာပြီလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောထားပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မေလအထိ ငါးလအတွင်း အရပ်သား ၆၆၂ ဦး သေဆုံးပြီး (၁,၄၉၂) ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။