မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ မစ္စတာ ဆာဆာကာဝါတို့ မြန်မာ့အရေးဆွေးနွေး
မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးနိုင်ဖို့ နိုင်ငံတကာနဲ့ ပေါင်းကူးတံတားတစ်ခု ဖန်တီးပြီး ပူးပေါင်းဆောင်သွားဖို့ ဆွေးနွေးသဘောတူခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပါတယ်။
- 2022-05-17
-
-
-
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့ ဂျပန်အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ မနေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံတွင်း လတ်တလောအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံးပေးနိုင်ဖို့ နိုင်ငံတကာနဲ့ ပေါင်းကူးတံတားတစ်ခုဖန်တီးပြီး ပူးပေါင်းဆောင်သွားဖို့ ဆွေးနွေးသဘောတူခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန်ရဖို့ ပါဝင်သင့်ပါဝင်ထိုက်တဲ့သူ အားလုံးနဲ့ ဆွေးနွေးဖို့အပါအဝင် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက် အကောင်အထည်ဖော်ရာမှာ ဂျပန်နိုင်ငံက ကူညီဖို့ အဆင်သင့်ရှိကြောင်း မစ္စတာ ဆာဆာကာဝါဘက်က ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်း အပစ်အခတ်ရပ်စဲရေးမှာ အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းသွားဖို့လည်း ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့ မစ္စတာ ဆာဆာကာဝါတို့ ဆွေးနွေးသဘောတူခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးမှာ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြု တွေ့ဆုံဆွေးနွေးကြဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက တစိုက်မတ်မတ် တိုက်တွန်းပြောဆိုနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမှာလည်း NUGနဲ့ ချိတ်ဆက်ဖို့ မလေးရှားက ပြောဆိုခဲ့ပါတယ်။ ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဝါရှင်တန်ဒီစီမြို့တော်မှာ အလွတ်သဘောတွေ့ဆုံခဲ့ပါတယ်။
ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံပြီး ရက်ပိုင်းအကြာမှာ ဂျပန်အစိုးရရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါက လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။