စိန်ကမ္ဘာ ချည်မျှင်စက်ရုံ အလုပ်သမားများ သပိတ်လှန်ပြီ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်မှာရှိတဲ့ စိန်ကမ္ဘာချည်မျှင်စက်ရုံက အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၂ ဦးကို ပြန်ခန့်ပေးဖို့ အလုပ်ရှင်က လိုက်လျောပေးလိုက်တာကြောင့် ဆန္ဒပြနေတဲ့ အလုပ် သမားအားလုံး မနက်ဖြန်မှာ အလုပ်ခွင်ပြန်ဝင်တော့မယ်လို့ သိရပါတယ်။
-
2014-07-07 -
-
-
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ စိန်ကမ္ဘာချည်မျှင်စက်ရုံက အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ် သမားသမဂ္ဂခေါင်းဆောင် ၂ ဦးကို ပြန်ခန့်ပေးဖို့ အလုပ်ရှင်က လိုက်လျောပေးလိုက်တာကြောင့် ဆန္ဒပြနေတဲ့ အလုပ်သမားအားလုံး မနက်ဖြန်မှာ အလုပ်ခွင်ပြန်ဝင်တော့မယ်လို့ သိရပါတယ်။
အလုပ်ရှင်နဲ့ ဆန္ဒပြအလုပ်သမားတွေ ညှိနှိုင်းမှုပြေလည် သွားတဲ့အကြောင်း စိန်ကမ္ဘာချည်မျှင်စက်ရုံက အလုပ်သမား သမဂ္ဂအတွင်းရေးမှူး ကိုဝဏ္ဏထွန်းက အခုလိုပြောပါတယ်။
"ကျနော်တို့ ၄ ချက်တောင်းတဲ့ ကိစ္စမှာ အလုပ်ထုတ် ခံထားရတဲ့ အလုပ်သမားအဖွဲ့ဥက္ကဌနဲ့ အလုပ် သမားခေါင်းဆောင်တို့ကို အလုပ်ပြန်ခန့်မယ် ဆိုတဲ့အချက်ကို သဘောတူပါတယ်ပေါ့နော် အလုပ်ရှင်ဘက်က လစာနှစ်သောင်းတိုးတောင်းတဲ့ဟာ ကျနော်တို့ မရဘူးဗျ၊ လစာကိုတော့ ကျနော်တို့ကို တိုးမပေးဘူးပေါ့၊ ဒီကြားထဲမှာလည်း အစိုးရကပါ ဖိအားပေးလာတယ် ဆိုတော့ ဒီသြဂုတ်လမှာ ကျနော်တို့ အနိမ့်ဆုံးလုပ်ခလစာ သက်မှတ်မှာဖြစ်တဲ့အတွက် အဲ့ဒီလအထိ ကျနော်တို့ကို စောင့်ရမယ်ဆိုတဲ့ ဖိအားမျိုးတွေပါလာတယ်ဗျ၊ ကျနော်တို့ မနက်ဖြန်ကျရင် အလုပ်ပြန်ဝင်ရမှာပါ"
ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က အလုပ်သမားသမဂ္ဂခေါင်းဆောင် ၂ ဦးကို အလုပ်ရှင်က အလုပ်ထုတ်လိုက်တာကြောင့် အလုပ်သမား ၃၀၀ ကျော်လောက်က ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့ကစပြီး ဆန္ဒပြ တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဆန္ဒပြအလုပ်သမားတွေက အလုပ်ထုတ်ခံလိုက်ရတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၂ ဦးကို အလုပ်ပြန်ခန့်ပေးဖို့၊ လစာကျပ် ၂ သောင်းတိုးပေးဖို့၊ အလုပ်ခွင်အတွင်း ဘယ်ဌာနမှာမဆို နိုင်ငံခြားသားတွေကို တိုက်ရိုက်အုပ်ချုပ်ခွင့် မပြုဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။