စလင်းမှာ လူငယ်တစ်ဦး ဖမ်းဆီးစစ်ကြောခံရပြီး သေဆုံး
စလင်းမြို့နယ်က လူငယ်တစ်ဦး မတ် ၂၅ ရက်နေ့က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရပြီး အဲဒီနေ့ ညနေမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
-
RFA Burmese
2024-03-29 -
-
-
မကွေးတိုင်း၊ စလင်းမြို့နယ် အောက်လှိုင်းရွာက လူငယ်တစ်ဦး မတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရပြီးနောက် အဲဒီနေ့ ညနေမှာပဲ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၁၉ နှစ်အရွယ် ကိုနေလင်းမောင်ဖြစ်ပြီး ငလှိုင်တွင်းရေနံမှော်မှာ စျေးရောင်းနေသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အဲဒီရေနံမှော် အနောက်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ PDF ထောက်ပို့အဖြစ် စွပ်စွဲဖမ်းဆီးခံရပြီးနောက် သေဆုံးသွားတာလို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောပါတယ်။
"သူက ငလှိုင်တွင်းမှော်ကနေ ဈေးရောင်း အပြန်မှာ ဖမ်းခံလိုက်ရတယ်။ PDF တွေကို ထောက်ပို့တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးရိုက်နှက်ခံရတယ်ဗျ။ အဲဒီနေ့ ည ၉ နာရီ ကျော်မှာ သေဆုံးသွားတယ်လို့ သိရတယ်ဗျ"
သူ့ကို စစ်ကောင်စီတပ်သားတွေက အဲဒီနေ့ညမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် စစ်ကြောရေးမှာရရှိလာတဲ့ ဒဏ်ရာတွေ ကြောင့် သေဆုံးသွားတာလို့လည်းပြောပါတယ်။ သူပြန်လွတ်လာချိန်မှာ နံရိုးတွေကျိုးနေသလို ခြေသည်းတွေ ဆွဲနုတ်ခံထားရတယ်လို့လည်းဆိုပါတယ်။
ဒီသေဆုံးမှုနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့် ကို RFA က ဖုန်းခေါ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သေဆုံးသူ ၂၉ ဦးအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။