ဆားလင်းကြီးမြို့နယ် ကျားတက်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရပြီး ခုနစ်ဦး သေဆုံး

ဆားလင်းကြီးမြို့နယ် ကျားတက်မြို့မှာ နိုဝင်ဘာလ ၁၂ ရက် မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျားတက်မြို့အဝင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ ကျားတက်မြို့ လူမှုကွန်ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျားတက်မြို့မှာ နိုဝင်ဘာလ ၁၂ ရက် မနေ့မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ဝင်ဘာလ ၁၂ ရက် မနက်အစောပိုင်းမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သားတွေကို ဆားလင်းကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီးဒေသခံတစ်ဦးကတော့ အဲဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် ကျားတက်မြို့မှာနေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ကျားတက်မှာ ကင်းပတ်ထွက်တာ စစ်ကောင်စီဘက်က ဆယ်ဦးလောက်ရှိတယ်။ အဲဒီအဖွဲ့ကို PDF တွေက ဝိုင်းပစ်ကြတာ။ ခုနစ်ဦး သေသွားတယ်။ အဲဒီပစ်ခတ်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးလည်း စစ်ကောင်စီတပ်သားတွေ ပစ်သတ်သွားတယ်”

ဆားလင်းကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း နိုဝင်ဘာလ ၁၂ ရက်က ကျားတက်မြို့ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သားတွေကို ကင်းလှည့်ချိန် တိုက်ခိုက်ခဲ့ပြီး ခုနစ်ဦးသေဆုံးတဲ့အကြောင်း RFA ကို ပြောပါတယ်။

သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။

စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သားတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ကျားတက်မြို့အနီး ဝန်းကျင်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သားတွေ သေဆုံးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန် ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်ကောင်စီတပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကျားတက်မြို့က ရဲကင်းစခန်းမှူးအပါအဝင် ရဲတပ်သားလေးဦးနဲ့ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ နိုဝင်ဘာလ ၁၃ ရက် ဒီကနေ့မနက်ပိုင်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org