ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ တစ်ဦးသေဆုံး၊ ဒေသခံသုံးထောင်ကျော်ထွက်ပြေးနေရ

RFA Burmese
2024.03.29
ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ တစ်ဦးသေဆုံး၊ ဒေသခံသုံးထောင်ကျော်ထွက်ပြေးနေရ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးကြရသည့် စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ မြောက်ခြမ်းမှ ‌ဒေသခံများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့က တွေ့ရစဉ်။
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းကို မတ်လ ၂၉ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်လာလို့ ရွာသုံးရွာက ဒေသခံသုံးထောင်ကျော်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦး သွေးလန့်သေဆုံးသွားတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသ ပိတ်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေ ကံကုန်းရွာကို ကားနဲ့ ဝင်လာလို့ ထွက်ပြေးတိမ်းရှောင်ကြရတာလို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"စစ်ကြောင်းက ကံကုန်းရွာအနီးတစ်ဝိုက်မှာ တစ်ပတ်လောက်ရှိပြီ နယ်မြေရှင်းလင်းရေးလုပ်တာလို့တော့ သိရတယ်၊ မနက်က ကားနဲ့ဝင်လာတော့ ကြောက်လန့်ပြေးကြရတာ၊ စစ်ကြောင်းဝင်ချိန်မှာ အမျိုးသမီးတစ်ဦးသွေးလန့် ဆုံးသွားတာ"

ကံကုန်းရွာက အသက် ၃၂ နှစ်အရွယ် သေဆုံးသူ အမျိုးသမီးဟာ မီးဖွားထားတာ တစ်ရက်မပြည့်သေးတဲ့ သားဖွားမိခင်တစ်ဦးဖြစ်ပြီး ကားနှစ်စီနဲ့ စစ်ကြောင်းဝင်လာချိန် ကြောက်လန့်သေဆုံးခဲ့တာလို့ ပြောပါတယ်။

ဒီစစ်ကားနှစ်စီးပါတဲ့ စစ်ကြောင်းဟာ ညောင်ပင်ကြီးကျေးရွာကနေ ပြန်လည်ဆုက်ခွာပြီး အေးကုန်းရွာမှာ တစ်စီးနဲ့ ကံကုန်းရွာမှာတစ်စီ ညအိပ်တပ်စွဲနေထားတယ်လို့ ဆိုပါတယ်။

ဒီစစ်ကြောင်းကြောင့် ကံကုန်း၊ အေးကုန်းနဲ့ ညောင်ပင်သာ စတဲ့ကျေးရွာ သုံးရွာက ဒေသခံသုံးထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။

ဒီစစ်ကြောင်းထိုးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးရာဝန်ကြီး ဦးညွန်ဝင်းအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံတစ်ဝန်းတိုက်ပွဲတွေကြောင့် မတ်လ ၁၉ ရက်အထိ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၂ ဒဿမ ၈ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။