ဆားလင်းကြီးမှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံး
ဆားလင်းကြီးမြို့နယ် ကူးတို့ကုန်းရွာမှာ ဧပြီ ၁၆ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။
-
RFA Burmese
2024-04-17 -
-
-
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကူးတို့ကုန်းရွာမှာ ဧပြီ ၁၆ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မုံရွာမြို့အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ကနေ ချင်းတွင်းမြစ်အနောက်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာမှာ အဲဒီထဲက လက်နက်ကြီးနှစ်လုံး ကူးတို့ကုန်းရွာမှာ ကျရောက်ပေါက်ကွဲပြီး အသက် ၂၀ ကျော်အရွယ် ကိုဆန်းလင်း နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာ မရှိဘဲ ယင်းမာပင်နယ်ဘက်ကို လက်နက်ကြီးနဲ့ ငါးကြိမ်နီးပါး ပစ်ခတ်ခဲ့လို့ အရပ်သားသေဆုံးမှု ရှိခဲ့တာလို့ ဆားလင်းကြီးမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ပစ်တာက လေး၊ ငါး လုံးလောက်ရှိမယ်။ ရွာထဲကျတာက နှစ်လုံးကျတာ။ တစ်လုံးက ကိုဆန်းလင်း နေတဲ့နေရာတည့်တည့်ကိုကျပြီး ဆုံးသွားတယ်။ ရွာက တခြား ထိခိုက်တာတော့ မရှိဘူး”
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
သင်္ကြန်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးစီးနင်းမှုတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရာတော်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ သေဆုံးရတဲ့ အရပ်သား ခြောက်ဦးအထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။