ဆလိုင်းတင်မောင်ဦး ကွယ်လွန်ခြင်း နှစ် ၄ဝ ပြည့် ရန်ကုန်မှာ ကျင်းပ
၁၉၆၂ နောက်ပိုင်း မြန်မာနိုင် ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အာဏာပိုင်တွေက တရားဝင် ကြိုးပေးကွပ်မျက်ခံရတဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ချင်း တိုင်းရင်းသား ဆလိုင်း တင်မောင်ဦး ကွယ်လွန်ခြင်း နှစ် ၄ဝ ပြည့်အခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာ မြို့နယ်မှာရှိတဲ့ စိတ်တိုင်းကျခန်းမမှာ ဒီကနေ့ ကျင်းပ ခဲ့ပါတယ်။
-
2016-06-26 -
-
-
၁၉၆၂ နောက်ပိုင်း မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အာဏာပိုင်တွေက တရားဝင် ကြိုးပေးကွပ်မျက် ခံရတဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင် ချင်းတိုင်းရင်းသား ဆလိုင်း တင်မောင်ဦး ကွယ်လွန်ခြင်း နှစ် ၄ဝ ပြည့်အခမ်းအနားကို ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှာရှိတဲ့ စိတ်တိုင်းကျခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ ပါတယ်။
ဦးနေဝင်း အစိုးရလက်ထက်က အင်းစိန်ထောင်ထဲမှာ ကြိုးပေးခံခဲ့ရတဲ့ ဆလိုင်းတင်မောင်ဦးဟာ ကျောင်းသား သမိုင်းဂုဏ်ကို နောက်ဆုံးအချိန်အထိ မြှင့်တင်ပေးခဲ့တယ်လို့ ဒီနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဆလိုင်း တင်မောင်ဦးရဲ့ညီ ဆလိုင်းဦးမြဒင် က ပြောပါတယ်။
"သူကကြိုးစင်ပေါ်မှာ ပြောသွားတဲ့စကားရှိတာ မင်းတို့တွေဟာ ငါ့ကိုယ်သာသတ်နိုင်မယ်၊ ငါ့ရဲ့ယုံကြည် ချက်နဲ့ ငါ့ရဲ့စိတ်ဓါတ်ကိုသတ်လို့မရဘူး၊ မင်းတို့သတ်ချင်လည်းသတ်ပစေ၊ နောင်တစ်ချိန်မှာ သမိုင်းကစကားပြောမှာ သွေးကစကားပြောမှာ ဆိုပြီးတော့ သူကပြောတာပေါ့လေ၊ နောက်ပြီးတော့ ငါ့ကျောင်းသားသမိုင်း မရိုင်းစေရဘူးဆိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က သူ့ကိုသေဒဏ်ပေးပြီးပြီ၊ သတ်မှာက တကယ်သတ်မှာ ဒါပေမဲ့ သူ့ရဲ့စိတ်ဓါတ်ကိုစမ်းတာ မင်းအယူခံပြင်ဆင်ချက်တင်ရင် မင်းကိုလွှတ်ပေးမယ်၊ တကယ်တမ်းဆို သူအယူခံတင်လို့ရှိရင်ရော မသတ်ဘူးထင်လား သတ်မှာ"
ဒီနေ့အခမ်းအနားဟာ ၇၄-၇၅-၇၆ မျိုးဆက်ရော နောင်မျိုးဆက်တွေအတွက်ပါ အတုယူရ မယ့် ကျောင်းသားခေါင်းဆောင်ကို ဂုဏ်ပြုတာလို့ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဦးကျော်အောင်ကလည်း ပြောပါတယ်။
"မြန်မာနိုင်ငံရေးသက်တမ်းမှာဆိုလို့ရှိရင် ဆလိုင်းတင်မောင်ဦးဟာ တစ်ဦးတည်းသော ကြိုးပေး သတ်ဖြတ်ခံခဲ့ရသော ကျောင်းသားခေါင်းဆောင်ဖြစ်တယ်၊ သူ့ရဲ့စိတ်ဓါတ်နဲ့လုပ်ရပ်ကို ကျနော်တို့ အတုယူရမယ့်၊ ဂုဏ်ယူရမယ့် ကျောင်းသားခေါင်းဆောင်တစ်ယောက်ဖြစ်တယ်၊ အဲ့ဒီအတွက် ကျနော်တို့က သူ့ကိုအမှတ်ရတဲ့ ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ပွဲကို ကျင်းပပြုလုပ်တာဖြစ်ပါတယ်၊ သမိုင်းကိုပြန်ဖော်ထုတ် တာပေါ့၊ အာဏာရှင်အစစ်ဆိုတာက ဒီဘက် ၈၈ နောက်ပိုင်းမှ ရှိခဲ့တာမဟုတ်ဘူး၊ ၈၈ မတိုင်ခင် ကလည်း နေဝင်း အာဏာသိမ်းပြီးကတည်းကစပြီး မြန်မာပြည်မှာ အာဏာရှင်စနစ်ဆိုတာရှိခဲ့တယ်"
ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၄ အလုပ်သမားအရေးအခင်း၊ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း၊ ၁၉၇၅ အလုပ်သမားနှစ်ပတ်လည် ရွှေတိဂုံအရေးအခင်း၊ ၁၉၇၆ မှိုင်းရာပြည့် အရေးအခင်းတွေမှာ ဦးဆောင်ပါဝင်လှုပ်ရှား ခဲ့ပါတယ်။ ဒါကြောင့် မဆလ ဦးနေဝင်းအစိုးရက ရန်ကုန်ကျောင်းသား အရေးအခင်းမှာပါဝင်မှု ၊ နိုင်ငံတော်ခေါင်းဆောင်တွေကို လုပ်ကြံရန်ကြံစည်မှုတို့နဲ့ အထူးစစ်ခုံရုံးမှာ စီရင်ချက်ချပြီး ၁၉၇၆ ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခဲ့တာဖြစ်ပါတယ်။
ဒီအခမ်းအနားကို ၇၄- ၇၅-၇၆ နိုင်ငံရေးအင်အားစုက ဦးဆောင်ကျင်းပခဲ့ကြတာဖြစ်ပြီး ဆလိုင်း တင်မောင်ဦး နဲ့အတူ သပိတ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့သူတွေ၊ အကျဉ်းထောင်ထဲမှာ အတူနေထိုင် ကြခဲ့သူတွေ၊ ၁၉၆၂ ကျောင်းသားခေါင်းဆောင်တွေ၊ ၈၈-မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။
ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း နှစ် ၄ဝ ပြည့် အခမ်းအနားတွေကို ချင်းကျောင်းသားတွေကဦးစီးပြီး ရန်ကုန်ခဝဲခြံ၊ ပြည်နဲ့ ကလေးမြို့တွေမှာလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။