စမ်းချောင်း သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ
ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးအောင်ကျော်မိုး (ခ) မိုးမိုးဟာ ဇွန် ၁၇ ရက် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်က သူ့ရဲ့ နေအိမ်မှာရှိနေချိန် အမည်မသိ သေနတ်သမား တစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ဆေးရုံတင်လိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
- 2021-06-17
-
-
-
ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးအောင်ကျော်မိုး (ခ) မိုးမိုးဟာ ဇွန် ၁၇ ရက် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်လောက်က သူ့ရဲ့ နေအိမ်မှာ ရှိနေချိန် အမည်မသိ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် ဆေးရုံတင်လိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
သေနတ်သမားက စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးယန္တရားမှာ ပါဝင်အမှုထမ်းနေတဲ့ ဦးမိုးမိုးရဲ့ ခေါင်းကို လှမ်းပြီးပစ်ခတ်ခဲ့တာဖြစ်ပေမယ့် ညာဘက်နားရွက်ကိုပဲ ထိသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တွေ့ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"ဖြစ်တာက သူ့အိမ်မှာဖြစ်တာ။ ၁၀ နာရီ ၅မိနစ် လောက်မှာပေါ့။ သူ့အိမ်က သံတံတားလမ်းနဲ့ တရုတ်ကျောင်း လမ်းဖြတ်တဲ့ လမ်းကြားထဲမှာရှိတာ။ အပြင်ကနေ လှမ်းပစ်သွားတာ"
ဦးမိုးမိုးဟာ ညာဘက်နားရွက် သေနတ်ဒဏ်ရာနဲ့ပဲ လောလောဆယ် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူ နေတယ်လို့ သူကပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တရုတ်ကျောင်းလမ်း၊ သံတံတား လမ်းနဲ့ ကျွန်းတောလမ်းတွေကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတွေက ပြောပါတယ်။
အရင်ကလည်း ဦးမိုးမိုးရဲ့ နေအိမ်ကို လက်ပစ်ဗုံးနဲ့ နှစ်ကြိမ် ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
RFAက ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ လေးလ ကျော် ကာလအတွင်းမှာ စစ်ကောင်စီရဲ့ ရပ်ကျေးအုပ်ချုပ်ရေးယန္တရားမှာ ပါဝင်အမှုထမ်းတဲ့ အုပ်ချုပ်ရေးမှူး အနည်းဆုံး ၁၃ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
ဒါဟာ RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းသာဖြစ်ပြီး တကယ့်မြေပြင်မှာ ပစ်ခတ်သတ်ဖြတ် ခံရတဲ့ စာရင်းဟာ ဒီထက်ပိုများနိုင်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က ဒီကာလတွေအတွင်း တစ်နိုင်ငံလုံးမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင် စုစုပေါင်း ၇၀ ခန့် အသတ်ခံခဲ့ရကြောင်း ဧရာဝတီသတင်းဌာနကို မကြာသေးခင်ကပဲ ပြောခဲ့ဖူးပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ ဇွန်လ ၁၂ ရက် သတင်းစာရှင်းပွဲမှာ အုပ်ချုပ်ရေးမှူးတွေအပါအဝင် အပြစ်မဲ့ ပြည်သူ ၁၇၃ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောထားပါတယ်။