ထိုင်းနိုင်ငံက ဆရာတော်တစ်ပါးအား အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဝိဇယဉာဏိကာရာမကျောင်းတိုက် ဆရာတော်၊ ထိုင်းနိုင်ငံရဲ့ ဒုတိယသံဃရာဇာ ဆရာတော် အရှင် ဥပသမ ကို လွပ်လပ်ရေးနေ့ အခါသမယနဲ့ တိုက်ဆိုင်ပြီး သမ္မတကြီး ဦးသိန်းစိန်က အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက ဒီကနေ့ ကြေညာ ချက်ထုတ်ပြန်ပါတယ်။

ဆွမ်းခံကြွလာသည့် ရဟန်းတော်တစ်ပါးအား မိသားစုတစ်စုမှ ဆွမ်းလောင်းလှုစဉ်။ Photo:RFA/Moe Thu Aung

ထိုင်းဆရာတော် အရှင်ဥပသမ ဟာ ထိုင်းနိုင်ငံမှာ သတင်းသုံးနေကြတဲ့ မြန်မာနိုင်ငံသား သံဃာတော်တွေအရေးအပြင် ချင်းမိုင်မြို့က ဝပ်ဆိုင်မွန်း ဘုန်းတော်ကြီးကျောင်းမှာ မြန်မာသံဃာတွေ ဆက်လက်သတင်းသုံးခွင့်ရရေး အကျိုးဆောင်ပေးတာကြောင့် သမ္မတ ဦးသိန်းစိန်က ဘွဲ့တံဆိပ်တော် ဆက်ကပ်လှုဒါန်းတာလို့ သိရှိရပါတယ်။

အဲဒီဘွဲ့တံဆိပ်တော်ကို ဒီကနေ့နေ့လည်က မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနေအိမ်မှာ ထိုင်းဒုသံဃရာဇာကို ပင့်ဖိတ်ပြီး ဆွမ်းကပ်လှူဒါန်းကာ ဆပ်ကပ်ခဲ့တာဖြစ်ကြောင်း၊ မြန်မာနိုင်ငံကိုယ်စား ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက ဒီကနေ့ ဆပ်ကပ်လှူဒါန်းခဲ့တာပါ။

ဆရာတော်အရှင် ဥပသမဟာ ထိုင်းနိုင်ငံရောက် မြန်မာဗုဒ္ဓဘာသာတွေအတွက် သာသနာရေးမှာကူညီမှုတွေ အများကြီးပြုလုပ်ပေးခဲ့ကြောင်း၊ မြန်မာဆရာတော် ကျောင်းထိုင်ရေး အခက်အခဲဖြစ်နေတဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဝပ်ဆိုင်းမွန်ကျောင်းအတွက် ကူညီပေးခဲ့တာတွေရှိတဲ့အတွက် အခုလိုဆပ်ကပ်တာဖြစ်ကြောင်း၊ ဘန်ကောက်မြို့ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးအောင်ကျော်လင်းက RFA ကို ပြောပြပါတယ်။

မြန်မာသံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာပါရှိတာက နှစ်နိုင်ငံသာသနာပိုင်တွေကြား နားလည်ရင်းနှီးမှုတွေ တိုးပွားနေကြောင်း၊ ချင်းမိုင်မြို့ဝပ်ဆိုင်းမွန်ကျောင်းမှာ မြန်မာကျောင်းထိုင် ဆက်လက် သီတင်းသုံးရေးအတွက် သမ္မတဦးသိန်းစိန်က ၂၀၁၂ခုနှစ် ဇူလိုင်လခရီးစဉ်အတွင်းမှာ ထိုင်းဝန်ကြီးချုပ် ယင်လတ်ကို မေတ္တာရပ်ခံခဲ့ပြီး သဘောတူညီမှုရခဲ့ကြောင်း၊ ထိုင်းနိုင်ငံမှာ မြန်မာဘုန်းတော်ကြီးကျောင်း ၁၀၀ကျော်လောက် ရှိခဲ့ဖူးကြောင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org