ဧရာဝတီတိုင်း လွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို ငွေကြေးအလွဲသုံးစားမှုနဲ့ အမှုဖွင့်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌဟောင်း ဦးစံမင်းအောင်ကို ကိုယ်ကျိုးအတွက် ငွေကြေး အလွဲသုံးစားလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ ဧရာဝတီတိုင်းလွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးက မတ်လကုန်လောက်က အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင် ကို တွေ့ရစဉ် .

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဌဟောင်း ဦးစံမင်းအောင်ကို ကိုယ်ကျိုးအတွက် ငွေကြေး အလွဲသုံးစားလုပ်မှု ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ ဧရာဝတီတိုင်းလွှတ်တော် ဒုတိယ ညွှန်ကြားရေးမှူးက မတ်လကုန်လောက်က အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း လွှတ်တော် ဒုဥက္ကဋ္ဌဟောင်းကို ပုဒ်မ ၄၀၉ နဲ့ ပုသိမ်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးက တာဝန်ရှိသူ တစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

ဦးစံမင်းအောင်ကို ဧရာဝတီတိုင်း လွှတ်တော်အတွက် တိုင်းအစိုးရ ဘဏ္ဍာငွေနဲ့ ကား ၅ စီး ဝယ်ယူရာမှာ မမှန်မကန် ပြင်ဆင်စရိတ်တွေကို သူ့သဘောနဲ့သူ အရောင်းအဝယ်စာချုပ်မှာ ထည့်သွင်းချုပ်ဆိုခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ အမှုဖွင့်ထားတာလို့ သိရပါတယ်။

ဒါ့အပြင် အဲဒီကားတွေ ဝယ်ယူရာမှာ ငွေကြေးအလွဲသုံးစားလုပ်ခဲ့တယ်ဆိုပြီး တိုင်ကြားချက်ပါဝင်တာကြောင့် NLD ပါတီကနေ ထုတ်ပယ်ခဲ့သလို လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ရာထူးကနေလည်း နုတ်ထွက်ခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးစံမင်းအောင်ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက်အရ အဂတိလိုက်စားမှု မမြောက်ကြောင်းနဲ့ ဝန်ထမ်းစည်းကမ်းအရ စစ်ဆေးတာတွေ ဆောင်ရွက်နိုင်ကြောင်း အဂတိကော်မရှင်က အကြံပြုခဲ့တဲ့အတွက် အခုလို အမှုဖွင့်စစ်ဆေးဖို့ ဆောင်ရွက်တာဖြစ်ကြောင်း ဧရာဝတီတိုင်းလွှတ်တော် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဦးစံမင်းအောင်ဟာ ဘိုကလေးမြို့နယ် မဲဆန္ဒအမှတ် ၂ ကနေ ၂၀၁၅အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အနိုင်ရရှိခဲ့တာဖြစ်ပြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် အရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးစံမင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org