ဆားလင်းကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီ အသတ်ခံရ
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီဟာ ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာမှာပဲ သတ်ဖြတ်ခံလိုက်ရပါတယ်။
-
RFA Burmese
2023-06-11 -
-
-
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဗန့်ဂျီဟာ ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာမှာပဲ သတ်ဖြတ်ခံလိုက်ရပြီလို့ ဆားလင်းကြီးမြို့နယ် ထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဦးဗန့်ဂျီရဲ့အလောင်းကို ဇွန်လ ၁၁ ရက်မနက်အစောပိုင်း ထန်းတောရွာထိပ်က ချင်းတွင်းမြစ်ဆိပ်ကမ်းတစ်ခုမှာ တွေ့ခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆားလင်းကြီးမြို့နယ် PDF တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
“ဒေသခံတစ်ယောက်က ရုပ်အလောင်းတွေ့တယ်ဆိုပြီး အကြောင်းကြားတယ်။ ရုပ်အလောင်းက ကိုဗန့်ဂျီဆိုတာ အတည်ပြုနိုင်ပါတယ်။ ဒဏ်ရာတွေကတော့ ကျောမှာရိုက်ထားတဲ့ ဒဏ်ရာတွေရှိတယ်။ မျက်နှာလည်း ဖူးယောင်နေတယ်။ ရင်ဘက်ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးတာပါ”
ရုပ်အလောင်းကိုသယ်ထုတ်ချိန် မြေမြှုပ်မိုင်းနင်းမိလို့ PDF တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ဦးဗန့်ဂျီရဲ့ ရုပ်အလောင်းကိုတော့ ဒီနေ့မနက်မှာပဲ သင်္ဂြိုဟ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၁ ရက်နေ့က အင်အား ၃၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဟာ မုံရွာဘက်ကနေ ဆားလင်းကြီးဘက်အခြမ်းက တရုတ်ကြေးနီစီမံကိန်းထဲ ရိက္ခာလာပို့ပြီးပြန်ထွက်လာချိန် အောင်ချမ်းစီနဲ့ ညောင်ပင်ကြီးရွာကြားမှာ ဦးဗန့်ဂျီကို ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ဆားလင်းကြီးမြို့နယ်ထဲက PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်စစ်ရေး တင်းမာခဲ့ပြီး ဇွန်လ ၉ ရက်နေ့ကလည်း ညောင်ပင်ကြီးရဲစခန်း တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။