ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ဒေသခံလေးထောင်ကျော် ထွက်ပြေးနေရ

ဆားလင်းကြီးမြို့နယ်က ထန်းတောရွာကို စစ်ကြောင်းဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် နီးစပ်ရာရွာ ငါးရွာက ဒေသခံလေးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးလာကြသည့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ဒေသခံများကို ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ ပြည်သူမှ ပြည်သူသို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ထန်းတောရွာကို အင်အားတစ်ရာဝန်းကျင်ရှိတဲ့ စစ်ကြောင်း ဧပြီလ ၁၂ ရက်နေ့မှာ စတင်ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ထန်းတောရွာ အပါအဝင် နီးစပ်ရာရွာ ငါးရွာက ဒေသခံ လေးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်းတော၊ ရွာရှည်၊ အိုမ၊ ပလောင်နဲ့ ရွှေလှေရွာက ဒေသခံတွေ ထွက်ပြေးနေရတာပါ။

ဧပြီလ ၁၅ ရက် ဒီနေ့မနက်မှာလည်း ထန်းတောရွာက နေအိမ်တွေကို စစ်ကောင်စီ တပ်သားတွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“နေအိမ်က ရှစ်လုံးလောက်ပါသွားတယ်။ ဒီနေ့မနက်မှာ ရှို့တာ။ မနေ့ကလည်း ရွာထဲကအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေ လိုက်ယူတယ်။ စစ်ကြောင်းက အခု ညောင်ပင်ကြီးရဲစခန်းမှာ ဘောက်တွေဖွင့်ပြီး ကနေကြတယ် ”

အဲဒီစစ်ကြောင်းဟာ ထန်းတောရွာနဲ့ကပ်လျက် ညောင်ပင်ကြီးရွာမှာရှိတဲ့ စစ်ကောင်စီရဲစခန်းမှာပဲ လက်ရှိ ရှိနေသေးတာကြောင့် ဧပြီလ ၁၂ ရက်နေ့ကတည်းက ရှောင်တိမ်းနေရတဲ့ ဒေသခံတွေ ရွာထဲ ပြန်မဝင်ရဲကြသေးဘူးလို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီ ၅ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ ဒသမ ၈ သန်းကျော်ရှိပါပြီ။​

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org