ဆောမြို့နယ်မှာ စစ်ကြောင်းက အရပ်သား သုံးဦးကို ဖမ်းဆီးသွား

ဆောမြို့နယ် တေးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား သုံးဦးကို ဖမ်းခေါ်သွားပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ် အညာကတင်းကျေးရွာရှိ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

မကွေးတိုင်း ဆောမြို့နယ် တေးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက အောက်တိုဘာလ ၁၂ ရက်နေ့ ရွာကနေ ပြန်ထွက်စဉ် အရပ်သား သုံးဦးကို စစ်ကြောင်းနဲ့အတူ ဓားစားခံအဖြစ် ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ငါးဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက အောက်တိုဘာလ ၁၁ ရက်နေ့မှာ တေးရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ရွာဘုန်းကြီးကျောင်းက ဆရာတော်စီးတဲ့ ကားတစ်စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းပြန်ထွက်စဉ် ရွာသားလေးဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီထဲက တစ်ဦးပြန်လွတ်လာပေမယ့် ကျန်သုံးဦးက ဒီနေ့အထိ ပြန်မလွတ်သေးတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရွာသားသုံးဦးဟာ သာမန်အရပ်သားတွေဖြစ်ပြီး သူတို့ရဲ့ နာမည်နဲ့ အသက်တွေကိုတော့ ရွာထဲပြန်မဝင်နိုင်သေးတာကြောင့် အတည်မပြုနိုင် သေးဘူးလို့ စစ်ကြောင်းဝင်ရောက်ချိန် ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လေးယောက်မှာ တစ်ယောက်က ပြန်လွှတ်လိုက်ပြီလို့ သိရတယ်။ သုံးယောက်က ဖမ်းထားတုန်းပဲ။ အားလုံးက သာမန် အရပ်သားတွေပါ။ ဓားစာခံအနေနဲ့ ဖမ်းသွားတဲ့သဘောရှိပါတယ်”

စစ်ကြောင်းပြန်ထွက်သွားပေမယ့် ရွာနဲ့ အလှမ်းမဝေးသေးတာကြောင့် ဒီနေ့ မနက်ပိုင်းအချိန်အထိ ဒေသခံတွေ ရွာထဲပြန်မဝင်ရဲကြသေးတာလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

တေးရွာမှာ အိမ်ခြေ တစ်ရာနီးပါးနဲ့ လူဦးရေ ၄၀၀ ခန့် နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် မကွေးတိုင်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ နှစ်သိန်းကျော် (၂၁၈,၁၀၀) အထိရှိလာပြီလို့လည်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၂ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org