ရခိုင်မှာ ရှစ်စ်တိုဆိုမိုင်ယားစစ် ရောဂါဖြစ်ပွားသူ ၄၀၀ ကျော်ရှိ
ရခိုင်ပြည်နယ်မှာ ရေချိုခရုကနေတဆင့် ကူးစက်ပြီး လူ့ခန္ဓာကိုယ်မှာ သန်ပြားကောင်တွယ်တဲ့ Schistosomiasis (ရှစ်စ်တိုဆိုမိုင်ယားစစ် ) လို့ခေါ်တဲ့ ရောဂါဖြစ်ပွားသူထပ်တိုးလာတာကြောင့် လက်ရှိမှာ ဖြစ်ပွားသူ စုစုပေါင်း အယောက် ၄၀၀ ကျော်နေပြီဖြစ်ပါတယ်။
-
2018-09-06 -
-
-
ရခိုင်ပြည်နယ်မှာ ရေချိုခရုကနေတဆင့် ကူးစက်ပြီး လူ့ခန္ဓာကိုယ်မှာ သန်ပြားကောင်တွယ်တဲ့ Schistosomiasis (ရှစ်စ်တိုဆိုမိုင်ယားစစ်) လို့ခေါ်တဲ့ ရောဂါဖြစ်ပွားသူထပ်တိုးလာတာကြောင့် လက်ရှိမှာ ဖြစ်ပွားသူ စုစုပေါင်း အယောက် ၄၀၀ ကျော်နေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ဟာ အဲဒီရောဂါဖြစ်ပွားသူ အများဆုံးဖြစ်နေတာကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့WHO က သြဂုတ်လကုန်ပိုင်းက လာပြီး ကွင်းဆင်းလေ့လာသွားတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင် က RFA ကိုဒီနေ့ ပြောပါတယ်။
"စုစုပေါင်း ၄၂၈ ယောက်ရှိပြီပေါ့၊ ဒါရခိုင်ပြည်နယ်မှာ များများလည်းဖြစ်တယ်၊ တခြားနေရာတွေမှာ လည်း ဒီလိုဖြစ်တာမျိုးတွေမရှိဘူး၊ ဖြစ်တာလည်း သိပ်မရှိဘူးပေါ့၊ မြန်မာနိုင်ငံမှာ ဒါများများတွေ့ တာပေါ့လေ၊ ဒီဟာနဲ့ပတ်သက်လို့ ကျနော်တို့မှာ သိဖို့ လိုတာတွေ အများကြီးရှိပါတယ်၊ ကျနော်တို့ အကူညီတောင်းလိုက်တဲ့အခါမှာကျတော့ WHO က အဖွဲ့တွေလာတယ်၊ အဲဒီအဖွဲ့နဲ့အတူတူ တရုတ်က expect တွေလည်း ပါလာတယ်၊ အဓိကကတော့ ဒီရောဂါအကြောင်းကို လာလေ့လာတာပါ၊ ရောဂါဖြစ် ပြီးတော့ ဘာတွေဆက်လုပ်ဖို့လိုသလဲ၊ ဘယ်လိုအခြေအနေတွေရှိသလဲဆိုတာ၊ သူတို့ကတော့ အများကြီးတွေ့ဖူးတာပေါ့၊ အရင်တုန်းကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှာ ဒီရောဂါတွေ့တယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံက ၇၈ နိုင်ငံရှိတယ်လို့ ပြောတယ်၊ အာဖရိကတော်တော်များများပါတာပေါ့၊ အရှေ့တောင်အာရှနိုင်ငံတွေ လာအိုတို့၊ ဗီယက်နမ်တို့ပါတာပေါ့၊ ကျနော်တို့ နိုင်ငံကတော့ အဲဒီ ၇၈ နိုင်ငံထဲမှာ မပါသေးတော့ ကျနော်တို့မှာ ဒီလိုတွေ့တယ်ဆိုတာ သေချာဖို့အတွက် သူတို့က ကွင်းဆင်း ပြီးတော့ လိုအပ်တဲ့နည်းပညာဆိုင်ရာ အကူအညီတွေပေးနိုင်အောင် လာကြည့်တာဖြစ်ပါတယ်"
လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ ရောဂါသံသယရှိသူ အယောက် ၈၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါဖြစ်ပွားနေသူ အယောက် ၄၀၀ ကျော်ရှိနေတာ ဖြစ်ပါတယ်။
ရောဂါဖြစ်နေတဲ့ လူနာအများစုက ကလေးတွေ ဖြစ်ကြပြီး ရောဂါကြောင့် သေဆုံးတာ မရှိသေးဘူး လို့ ဒေါက်တာ ကြည်လွင် က ပြောပါတယ်။
အဲဒီရောဂါဟာ သန်ပြားကောင်တွေရှိတဲ့ ရေထဲကို သွားလာမိတဲ့သူတွေရဲ့ အရေပြားတွေကနေဖောက်ပြီး ခန္ဓာကိုယ်ထဲမှာ ဝင်ရောက်နေထိုင်တာမျိုးဖြစ်တယ်လို့ ပြောပါတယ်။
ကြိုတင်ကာကွယ်ရေးအတွက် ယင်လုံအိမ်သာတွေသုံးဖို့ လိုအပ်ပြီး သန့်ရှင်းတဲ့ သောက်ရေ၊ သုံးရေကို သုံးစွဲသင့်တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရောဂါအဖြစ်များတဲ့ဒေသတွေက စမ်းချောင်းနဲ့ ရေကန်တွေမှာ ရေချိုးတာ၊ ရေနဲ့ တိုက်ရိုက်ထိတွေ့ တာတွေကို ရှောင်ကြဉ်သင့်ပြီး စိုက်ပျိုးရေးလုပ်ငန်းလုပ်သူတွေအနေနဲ့ လည်ရှည်ဖိနပ်တွေ၊ လက်အိတ်တွေ သုံးခြင်းနဲ့ ကြိုတင်ကာကွယ်နိုင်ပါတယ်။
ရောဂါဖြစ်ပွားနေသူတွေဟာ ပေါက်တော၊ မြောက်ဦး၊ ရသေ့တောင်၊ စစ်တွေ စတဲ့ ရခိုင်ပြည်နယ်က မြို့နယ် အတော်များများအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။