အမေ့အိမ် အမည်ကြောင့် စာသင်ကျောင်းကို ဖိအားပေး
၂၀၀၇ ကတည်းက အခမဲ့စာသင်ကျောင်း ဖွင့်လှစ်သင်ကြားနေပြီး ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကျောင်းပြင်ဆောက်ချိန်မှာ ကျောင်းကို အမေ့အိမ် ဆိုတဲ့ နံမည်တပ်တဲ့အတွက် မြောက်ဥက္ကလာပ မြို့နယ်က စာသင်ကျောင်း ဖိအားပေးခံနေရတယ်လို့ စုံစမ်းသိရပါတယ်။
-
2011-06-09 -
-
-
မုန်တိုင်းကြောင့်
မြောက်ဥက္ကလာပ မြို့နယ် (၂) ရပ်ကွက် မာဃလမ်းက ကျောင်းခါးပြတ်ထွက် ပြိုကျသွားပြီးတဲ့နောက်
၁၀ ပေပတ်လည် ရှိတဲ့ တခြားအိမ်တလုံးမှာ စာသင်ပေးရတာ ကျဉ်းကျပ်တဲ့အတွက် ငမိုးရိပ်ချောင်းဘေးက
နေအိမ်ကို ပြန်ဆောက်ပြီး အမေ့အိမ်ပညာဒါန အခမဲ့ကျောင်းလို့ နံမည်တပ်တော့မှ ဖိအားပေးခံရတာလို့
ပညာဒါန ဦးအေးမြင့်က ပြောပါတယ်။
“၂၀၀၇ ခုနှစ်ကတည်းက ကျွန်တော့သဘောနဲ့ ကျွန်တော် ပညာဒါန ဦးအေးမြင့် ဆိုပြီးတော့ ကျွန်တော်
သင်ခဲ့တာ။ အခု ကျွန်တော့ အိမ်နေရာမှာ ကျွန်တော် ပြန်ဆောက်တာ၊ အမေ့အိမ် ပညာဒါန အခမဲ့
စာသင်ကျောင်း ဆိုတဲ့ အနေနဲ့ ကျွန်တော် ဆောက်တာ။ အဲဒီတော့ သူတို့က ဒီဥစ္စာကို အစီရင်ခံစာ
တောင်းတယ်။ တောင်းတော့ ကျွန်တော်လည်း ပေးလိုက်တယ်။ ကျွန်တော့ ဃ-၉၄ မြေကွက်ကို ကျွန်တော်
အရင်က စာသင်ခဲ့တဲ့ ကျွန်တော့အိမ်၊ ကျွန်တော် ကလေးတွေကို စာဆက်သင်မယ်၊ ဒါကို ဓာတ်ပုံပါ
ရိုက်ခိုင်းတယ်။ အဲဒါ ဓာတ်ပုံပါ ကျွန်တော် ပေးလိုက်တယ်။”
“ပေးလိုက်ပြီးကတည်းက ကျွန်တော့ကို ငါးကြိမ်လောက် ရှိပြီ ခေါ်တွေ့တယ်။ ကျွန်တော်နဲ့ လာတွေ့လိုက်၊ ကျွန်တော့ကို ခေါ်တွေ့လိုက်၊ အဲဒီလို။ အခု ၇ ရက်နေ့ကတော့မှ နောက်ဆုံးကတော့ မြို့နယ် အုပ်ချုပ်ရေးမှူးက ကိုယ်တိုင်လာပြီးတော့ အထက်က အမိန့်ကျလာမှ ခွင့်ပြုမိန့်ကျလာမှ ဆောက်ပါလို့ ကျွန်တော့ကို တားဆီးသွားတာပေါ့။”
ကျူးကျော်ရပ်ကွက်မို့ ဘယ်သူမှ ခွင့်ပြုချက်မလိုပဲ အိုးအိမ်ဆောက်လုပ်တဲ့ ရပ်ကွက်မှာ အရင်က ဘာပြဿနာမှ မပေါ်ပဲ ခုမှ တားဆီးခံရတာလို့ ဦးအေးမြင့်က ပြောပါတယ်။ ပျံကျနဲ့ လက်လုပ်လက်စားတွေ၊ ပန်းရံတွေ၊ လမ်းဘေးဈေးသည်တွေ နေထိုင်တဲ့ ရပ်ကွက်မှာ အတန်းကျောင်း တက်နိုင်တဲ့ကလေးတွေ ကျောင်းစာ လိုက်နိုင်အောင်နဲ့ ကျောင်းမနေနိုင်တဲ့ ကလေးတွေ လမ်းပေါ်မှာ လေလွင့်မနေရအောင် ဆရာတဦးရဲ့ စေတနာနဲ့ အခမဲ့ကျောင်း ဖွင့်လှစ် သင်ကြားပေးနေတာလို့ ဦးအေးမြင့်က ပြောပါတယ်။
“လမ်းပေါ်မှာ စာမသင်ချင်တဲ့ ကလေးတွေလည်း စာသင်ချင်စိတ် ရှိလာအောင် ကျွန်တော် အမျိုးမျိုး ဆွဲဆောင်ပြီးတော့ စာခေါ်သင်ပေးတဲ့ ခံယူချက် ရှိပါတယ်။ စာသင်ချင်စိတ် မရှိတဲ့ ကလေးတွေကိုလည်း စာသင်ချင်စိတ်ရှိအောင် စာအံချင်စိတ်၊ စာရေးချင်စိတ်၊ အကျင့်ပါအောင်လည်း သင်တာပါ။”
“ရည်ရွယ်ချက်ကတော့ ကလေးတွေ အဓိကကတော့ ပညာတတ်ဖို့ပါပဲ။ ဆင်းရဲတဲ့ဒဏ်ကြောင့် ဒီ အကျိုးဆက်တွေပေါ့၊ အဲဒီ အကျိုးဆက်တွေကို ပညာတတ်ရင် ဒါကို ဖြေရှင်းနိုင်မယ်။ ဘဝကို ရင်ဆိုင်နိုင်မယ်။ ဒီလို ကျွန်တော် မြင်ထားတယ်။ ဆင်းရဲသား ကလေးငယ်တွေကို ကျွန်တော် ကိုယ်ချင်းစာတယ်၊ သူတို့ရဲ့ အနာဂတ်အတွက်ကိုလည်း ရေရှည်ကို ကျွန်တော် မျှော်လင့်ထားတယ်။”
သူကိုယ်တိုင် မူလတန်းပြဆရာ အလုပ်က နုတ်ထွက်ခဲ့သူ တဦးဖြစ်ပြီး ကျောင်းမှာ စေတနာ့ဝန်ထမ်း ဆရာ ဆရာမ ၅ ဦးရှိတယ်လို့ ဆိုပါတယ်။
မူလတန်းကနေ ၇ တန်းထိ အစိုးရ သတ်မှတ်ထားတဲ့ ကျောင်းသင်ရိုးအတိုင်း ကျောင်းသား ၁၀၀ ကို တနေ့ သုံးကြိမ် အချိန်ခွဲ သင်ကြားပေးနေပြီး နေ့စဉ် ကျောင်းသား ၇၀ ဝန်းကျင်လောက် လာရောက် သင်ကြားနေတယ်လို့ ဦးအေးမြင့်က ပြောပါတယ်။