၆၆ ဃ အမှုတွေ အာမခံပေးနိုင်အောင် ပြင်ဆင်ဖို့ လွှတ်တေ်ာကို အကြံပြုထား

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့ လာဆန်းစစ်သုံး သပ်ရေးကော်မရှင်အနေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို မပယ်ဖျက်ဘဲ အာမ ခံပေးနိုင်ဖို့နဲ့ ပြစ်ဒဏ်တွေလျော့အောင် ပြင်ဆင်ဖို့အတွက် လွှတ်တော်ကို အကြံပြုစာပေးပို့ထားတယ်လို့ ကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာအောင်ခင်က ပြောပါတယ်။

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင် ဒုတိယဥက္ကဌ ဒေါက်တာအောင်ခင်ကို တွေ့ရစဉ် Photo: Win Naung Toe/RFA

ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်အနေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ( ဃ )  ကို မပယ်ဖျက်ဘဲ အာမခံပေးနိုင်ဖို့နဲ့ ပြစ်ဒဏ်တွေလျော့အောင် ပြင်ဆင်ဖို့အတွက် လွှတ်တော်ကို အကြံပြု စာပေးပို့ထားတယ်လို့ ကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာအောင်ခင်က ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးအတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို ဖျက်သိမ်းဖို့ မဖြစ်နိုင်တာကြောင့် အာမခံပေးနိုင်ဖို့အတွက် ဥပဒေကိုပြင်ဆင်ဖို့ ကော်မရှင်အနေနဲ့ လွှတ်တော်ထံ အကြံပြုထားတယ် လို့ ဒေါက်တာအောင်ခင်က ဒီကနေ့ လွှတ်တော်အစည်းအဝေး ရပ်နားချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။

"တရားဥပေဒစိုးမိုးတယ် ဆိုပေမယ့်လည်း လိုရင်တမျိုး မလိုရင်တမျိုးလုပ်နေတာတွေ မဖြစ်ဘူးပေ့ါ၊ အဲဒီ့အတွက် လိုအပ်တာကိုပြင်ပေးတာပါပဲ၊ အဓိကကတော့ အာမခံပေးရေးနဲ့ ပြစ်ဒဏ်ပေါ့"

ဒါ့အပြင် ဒေါက်တာအောင်ခင်က မူလဥပဒေမှာ လူပေါ်မှာမူတည်ပြီး အာမခံပေးတဲ့သူတွေကိုပေးပြီး မပေးချင်တဲ့ သူတွေကို မပေးကြောင်း ဒါ့ကြောင့်အားလုံး တပြေးညီဖြစ်ဖို့အတွက် အာမခံပေးဖု့ိ အကြံပြုထား တာဖြစ်ကြောင်း ပြောပါတယ်။

ဆက်သွယ်ရေး ဥပဒေကို ပြီးခဲ့တဲ့ အစိုးရလက်ထက် ၂ဝ၁၃ ခုနှစ်က ပြဌာန်းခဲ့တာဖြစ်ပြီး အဲဒီ ဥပဒေ ပုဒ်မ ၆၆ (ဃ) အရ မည်သူမဆို ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက် ပြုကျင့်ခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း စတာတွေကို ကျူးလွန်ရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ကျခံရနိုင်တာဖြစ်ပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံရသူ အများစုဟာ အာမခံမရဘဲ အချုပ်ထောင်အတွင်းကနေ အမှုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

လက်ရှိအစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲထားတဲ့ အမှုပေါင်း ၇ဝ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org