ဆိပ်ဖြူမှာ ဒရုန်းဗုံးကြောင့် အမျိုးသမီးတစ်ဦး သေဆုံး၊ ဆယ်ဦးဒဏ်ရာရ

ဆိပ်ဖြူမြို့နယ်က ရွာသစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိပ်ဖြူမြို့တစ်နေရာအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့က တွေ့ရစဥ်။ Facebook/ ဆိပ်ဖြူမြို့နယ် လူငယ်ကွန်ရက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က ရွာသစ်ရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၃ ရက် မနက်ကိုးနာရီခွဲမှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆယ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသစ်ရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့ မနက်က ရွာသစ်ရွာနဲ့ ငါးမိုင်ခန့်ဝေးတဲ့ ထမ္မကောက်ရွာက စစ်ကောင်စီတပ် အင်အားနှစ်ဆယ်ခန့်ဟာ ချတောက်ရွာ တောင်ဘက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ချတောက်ရွာနဲ့ ရွာသစ်ကျေးရွာ ပြည်သူနေအိမ်တွေကို ဗုံးချတယ်ဗျ။ ရွာသစ်ရွာက အမျိုးသမီးတစ်ဦး သေသွားတယ်။ ဆယ်ဦး ထိခိုက်ဒဏ်ရာရတယ်ဗျ”

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ ဆိပ်ဖြူနဲ့ မကွေးဆေးရုံတွေမှာ ဆေးကုသနေပြီး လက်ရှိမှာ ရွာသစ်ရွာက လူ ၁၅၀ ခန့်လည်း ဘေးလွတ်ရာ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA ကဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၁နဲ့ ၂၂ တပ်တွေရှိပြီး အဲဒီတပ်တွေက ရွာတွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ မကြာခဏလုပ်လေ့ရှိပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org