မင်းကင်းမြို့ ကူလဲရွာသားခုနစ်ဦး အဖမ်းခံရ

စစ်ကိုင်းတိုင်း မင်းကင်းမြို့ ကူလဲရွာက ဒေသခံခုနစ်ဦးကို နိုဝင်ဘာ ၃ ရက် မနေ့ မနက် ၇ နာရီခွဲလောက်က ရွာကနေ မင်းကင်းဆိပ်ကမ်းကို အသွားမှာ စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
အဖမ်းခံရသူတွေဟာ ရွှေမျှောမှာ အလုပ်လုပ်နေတဲ့ ကူလဲရွာသား ကိုဇော်ဇော်၊ ကိုမင်း၊ ကိုပိုင်ပိုင်၊ ကိုအောင်အောင်ဦး၊ ကိုကျော်ဟိန်း၊ အသက် ၁၅ နှစ်အရွယ် ကိုဝင်းထက်နိုင်နဲ့ အသက် ၁၆ နှစ်အရွယ် ကိုအောင်မြင့်သူတို့ ဖြစ်ပြီး မင်းကင်းမြို့နယ် အမှတ် (၃) ရပ်ကွက်အရောက် သုံးဘီးယာဉ်ပေါ်ကနေ ဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့က သတင်းမှားပေးတာကြောင့် ခုနစ်ဦးစလုံး အဖမ်းခံရတာဖြစ်ပြီး လက်ရှိ မင်းကင်းရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
အဖမ်းခံရတဲ့ အခြေအနေ အတိအကျကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
မင်းကင်းမြို့နယ်က တောင်စာရေးရွာသား ကိုဟိန်းကိုနဲ့ ကိုအောင်ဟိန်းတို့ နှစ်ဦးလည်း နိုဝင်ဘာလ ၃ ရက် မနေ့ကပဲ အဖမ်းခံရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
မင်းကင်းမြို့နယ်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၀ ကျော်ရှိပြီး အဖမ်းခံထားရသူ ၁၀၀ ကျော်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။