မတူပီမှာ ကုန်ကား ခုနှစ်စီး အဖမ်းခံထားရ
ချင်းပြည်နယ် မတူပီမြို့မှာ ကုန်ကား ၇ စီးကို ကုန်ချခွင့်မပေးဘဲ မတူပီ စစ်တပ်ထဲ မှာ ဖမ်းဆီးခံထားရတယ်လို့ CDF မတူပီ တပ်ရင်း-၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရေဂင်က ပြောပါတယ်။
- 2021-12-04
-
-
-
ချင်းပြည်နယ် မတူပီမြို့မှာ ကုန်ကား ၇ စီးကို ကုန်ချခွင့်မပေးဘဲ မတူပီ စစ်တပ်ထဲမှာ ဖမ်းဆီးခံထားရ တယ်လို့ CDF မတူပီ တပ်ရင်း-၂ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရေဂင်က ပြောပါတယ်။
မတူပီလမ်းပိုင်းမှာ စစ်တပ်ရဲ့ ရိက္ခာကုန်ပစ္စည်းတွေကို CDF အဖွဲ့က ဖြတ်တောက်နေလို့ စစ်တပ်ဘက် သူတို့ စက်သုံးဆီတွေပြန်လိုချင်လို့ အဲဒီကုန်ကားတွေ အဖမ်းခံထားရတာလို့ ကိုရေဂင်က ပြောပါတယ်။
"အခု မတူပီကို ၁၂ ဘီးကားတွေဝင်တာ ၇ စီးရှိသွားပြီး။ အဲဒီ ၇ စီးကို ကုန်လည်းမချခိုင်းဘဲ စစ်တပ်ထဲကို သွင်းထားတယ်။ သူတို့ တပ်ထဲ အရင်က ပြန်မလွှတ်ပဲထားတဲ့ ကား ၂ စီးကို ပြန်လွှတ်တယ်။ ကျွန်တော် တို့က သူတို့ဆီတွေ ပြန်မပေးဘူးဆိုရင် အဲဒီကုန်ပစ္စည်းတွေကို ပြည်သူတွေကို မပေးဘဲ သိမ်းတော့မယ် ဆိုပြီး လုပ်တာ"
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က မတူပီအခြေစိုက် ၁၀၄ တပ်ထဲမှာ အရင်ကအဖမ်းခံထားရတဲ့ ကုန်ကား ၂ စီးကို ဒီဇင်ဘာ ၂ ရက်ညပိုင်းက လွှတ်ပေးလိုက်ပြီး စစ်တပ်က သူတို့ရဲ့စက်သုံးဆီတွေ ပြန်ပေးဖို့ CDF အဖွဲ့ဆီ သတင်းစကားပါးလိုက်တယ်လို့ ကိုရေဂင်က ပြောပါတယ်။
CDF မတူပီ တပ်ရင်း-၂ က သိမ်းထားတဲ့ တစ်ပီပါ ဂါလန် ၅၀ ဆံ့တဲ့ ဆီပေပါပေါင်း ၂၀၀ နီးပါးထဲက ပေပါ ၁၁၅ လုံးကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ RFA အနေနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ထဲမှာ စစ်တပ်နဲ့ CDF တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကားလမ်းတွေမှာလည်း နှစ်ဖက်တပ် တွေက ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေကြတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က မတူပီမြို့နယ် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးကို CDF မတူပီက တိုက်ခိုက် ခဲ့ပြီး အခုအချိန်မှာ အဲဒီရုံးမှာ အင်အား ၂၀၀ ဝန်းကျင်အထိ တိုးချဲ့ချလာတယ်လို့ CDF မတူပီက ဆိုပါတယ်။