ရန်ကုန်က လူငယ် ခုနစ်ဦး သေဒဏ်ချမှတ်ခံရ

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ကိုရဲမင်းနိုင်၊ ကိုစိုးမိုး၊ ကိုသန့်ဇင်၊ ကိုဒေဝ၊ ကိုဆံရှည်၊ ကိုအသေးလေးနဲ့ မအေးအေးမင်း စုစုပေါင်း လူငယ်ခုနစ်ဦးဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ခုံရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၄ နဲ့ မေလ ၁၈ ရက်နေ့က သေဒဏ်အမိန့် ချမှတ်ခံလိုက်ရပါတယ်။

စစ်ကောင်စီရဲ့ စစ်ခုံရုံးမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် သေဒဏ်အမိန့် ချမှတ်ခံရသူ ရဲမင်းနိုင်(ခ)ရဲရင့်အား တွေ့ရစဉ် Photo: Myanmar Military

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ကိုရဲမင်းနိုင်၊ ကိုစိုးမိုး၊ ကိုသန့်ဇင်၊ ကိုဒေဝ၊ ကိုဆံရှည်၊ ကိုအသေးလေးနဲ့ မအေးအေးမင်း စုစုပေါင်း လူငယ်ခုနစ်ဦးဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ခုံရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၄ နဲ့ မေလ ၁၈ ရက်နေ့က သေဒဏ် အမိန့် ချမှတ်ခံလိုက်ရပါတယ်။

သူတို့ ခုနစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က လှိုင်သာယာမြို့နယ် အမှတ် ၅ ရပ်ကွက်က ရာအိမ်မှူးတစ်ဦးကို ဒလန်လို့ စွပ်စွဲသတ်ဖြတ်ရာမှာ ပါဝင်ခဲ့တယ်ဆိုပြီးတော့ လှိုင်သာယာ မြို့နယ် စစ်ခုံရုံးကနေ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းစာမှာ ဒီနေ့ ဖော်ပြပါတယ်။

မြောက်ဒဂုံ ၂၉ ရပ်ကွက်မှာနေထိုင်တဲ့ ကိုထက်မြတ်နိုင်ကိုလည်း အကြမ်းဖက်အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်တယ်၊ သူတို့အတွက် ငွေကြေးကောက်ခံပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၀ (ည)နဲ့ မေလ ၁၈ ရက်နေ့မှာပဲ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ရန်ကုန်မြို့က မြေအောက်တော်လှန်ရေး လှုပ်ရှားနေတဲ့ လူငယ်တစ်ဦးကတော့ အခုလို စစ်တပ်က လူငယ်တွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတာဟာ တော်လှန်ရေးမှာ လူငယ်တွေ ဆက်မပါဝင်ရဲအောင် ပြုလုပ်နေတာဖြစ်တာလို့ ပြောပါတယ်။

“အခုလို လူငယ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးပြီးတော့ အခုလို ပြစ်ဒဏ်တွေ အကြီး ကြီး ချမှတ်နေတာဟာ လူငယ်တွေ နောက်ဆုတ်သွားအောင် လုပ်နေတာပါ။ သူတို့ ဘယ်လိုပဲ လုပ်လုပ်၊ ဒီတော်လှန်ရေးမှာ အဆုံးထိသွားဖို့ လူငယ်တွေမှာ ဆုံးဖြတ်ချက် တွေ ရှိပြီးသားပါ။ အခုချိန်မှာ ပြည်သူတွေကို တစ်ခုပဲ မေတ္တာရပ်ခံချင်တာက လူငယ် တွေကို ဆက်ပြီးကူညီပေးဖို့၊ ဆက်ထောက်ခံပေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်”

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ အင်းစိန်ထောင်ဝင်းထဲက စစ်ခုံရုံးတွေကနေ သေဒဏ်၊ တစ်သက်တစ်ကျွန်း အပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ် ခံရတဲ့သူဟာ RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ မတ်လ ၁၁ ရက်နေ့အထိ စုစုပေါင်း ၁၅၀ ကျော် ရှိနေပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ ရန်ကုန်တိုင်းထဲက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက် ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပ စတဲ့ မြို့နယ် ခြောက်ခုကို ပြီးခဲ့တဲ့နှစ် မတ်လ ၁၅ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး စစ်ခုံရုံးတွေနဲ့ စီရင်နေတာလည်း ဖြစ်ပါတယ်။

ဥပဒေပညာရှင်တွေကတော့ စစ်ခုံရုံးတွေက ပေးနေတဲ့ ပြစ်ဒဏ်တွေဟာ ပြစ်မှုနဲ့ ပြစ်ဒဏ် မမျှတဘဲ အမြင့်ဆုံး ပြစ်ဒဏ်တွေဖြစ်နေလို့ လူငယ်တွေမှာ နစ်နာမှုတွေ ရှိနေတယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လူငယ်တွေကို ပစ်မှတ်ထား အရေးယူနေတာမျိုး မဟုတ်ဘဲ ဥပဒေချိုးဖောက်သူတွေကို ဥပဒေအတိုင်းပဲ အရေးယူ နေတာသာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့အထိ ဖမ်းဆီး ခံရသူ စုစုပေါင်း ၁၀,၇၀၇ ဦးရှိခဲ့ပြီး သူတို့ထဲကနေ ၁၀၇၂ ဦး ထောင်ဒဏ်ချမှတ်ခံထားရ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org