ရှမ်း၊ ပလောင် တိုင်းရင်းသား ၄ ဦး ပျောက်ဆုံးနေ
တရုတ်နိုင်ငံ ရွှေလီမြို့ကို အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ ရှမ်း၊ ပလောင်တိုင်းရင်းသား လေးဦးဟာ ဟိုနောင်-နမ့်ပန်း ကူးတို့ဆိပ်အရောက်မှာ ပျောက်ဆုံးနေခဲ့တာ ၁ လနီးပါးရှိနေပြီဖြစ်ကြောင်း သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
-
2018-09-16 -
-
-
တရုတ်နိုင်ငံ ရွှေလီမြို့ကို အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ ရှမ်း၊ ပလောင်တိုင်းရင်းသား လေးဦးဟာ ဟိုနောင်-နမ့်ပန်း ကူးတို့ဆိပ်အရောက်မှာ ပျောက်ဆုံးနေခဲ့တာ ၁ လနီးပါးရှိနေပြီဖြစ်ကြောင်း သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ပျောက်ဆုံးနေသူတွေဟာ ရွှေလီမြို့ကနေ သြဂုတ်လ ၁၉ ရက်နေ့မနက်ပိုင်းကပြန်လာတာဖြစ်ပြီး ဟိုနောင်-နမ့်ပန်း ကူးတို့ဆိပ်အထိ အဆက်အသွယ်ရရှိခဲ့ကြောင်း ပျောက်ဆုံးနေသူတစ်ဦးရဲ့ အစ်ကိုဖြစ်တဲ့ စိုင်းကျန်လှ ပြောပြတာကို စကားပြန်က ရှင်းပြပါတယ်။
ပျောက်ဆုံးနေသူတွေဟာ မိသားစု အသုံးစရိတ်ရှာဖို့နဲ့ ကျောင်းစရိတ်ရှာဖွေဖို့ အလုပ်သွားလုပ်ကြတာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖမ်းဆီးထားတာရှိရင် ပြန်လွှတ်ပေးဖို့နဲ့ သူတို့ကိုတွေ့ရင် မိသားစုတွေကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံလိုကြောင်းလည်း စိုင်းကျန်လှက ပြောပါတယ်။
ပျောက်ဆုံးနေသူ ၄ ဦးနဲ့ ပတ်သက်လို့ လားရှိုး SNLD ရုံးမှာ မနေ့က သတင်းစာရှင်းလင်းပွဲ ပြလုပ်ခဲ့တာဖြစ်ပါတယ်။
ပျောက်ဆုံးနေသူ ၄ ဦးကတော့ ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု (ဗြိန်းခံ) တိန်တောက်ရွာမှာ နေထိုင်ကြတဲ့ အသက် ၂၃ နှစ်အရွယ် စိုင်းအိုက်ယွမ်း၊ အသက် ၂၂ နှစ်အရွယ် စိုင်းအိုက်ထွန်း၊ အသက် ၁၉ နှစ်အရွယ် စိုင်းအိုက်ရီနဲ့ စိုင်းမာန်လူတို့ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ပျောက်ဆုံးသွားတဲ့ ကူးတို့ဆိပ်ပတ်ဝန်းကျင်ဟာ RCSS တပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာဖြစ်တာကြောင့် မိသားစုဝင်တွေက RCSS အဖွဲ့ကို သွားရောက်မေးမြန်းရာမှာ ဖြစ်စဉ်ကိုမသိရှိကြောင်းနဲ့ RCSS တပ်စခန်းရှိရာ နေရာကိုတော့ ဝင်ရောက်ရှာဖွေခွင့်မပေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ RCSS အဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ် မရရှိခဲ့ပါဘူး။
တိန်တောက်ရွာသား ၄ ဦး ပျောက်ဆုံးနေတာကို ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာမရှိသေးဘဲ မူဆယ်မြို့မ ရဲစခန်းမှာတော့ လူပျောက်သွားရောက်စုံစမ်းတာတွေ လုပ်ခဲ့တယ်လို့လည်း ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်တလျှောက်က မူဆယ်နဲ့ နမ့်ခမ်းမြို့ကြားမှာ တရားမဝင်ကုန်စည်တွေ သယ်ယူပို့ဆောင်နေတဲ့ ကူးတို့ဆိပ်တွေ အများစုရှိနေပြီး ဒေသခံ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့တွေက လေလံဆွဲပြီး ဖြတ်သန်းခတွေ ကောက်ယူနေတာရှိကြောင်း ဒေသခံတွေက ပြောပါတယ်။