ဒေသခံများ ကန့်ကွက်မှုကြောင့် လွှတ်တော်သစ် ဆောက်မည့်ကိစ္စ ပျက်

ရှမ်းပြည်နယ် တောင်ကြီးမြို့က နှစ်ရှည် ထင်းရှူးပင်တွေရှိတဲ့ မြေနေရာမှာ ပြည်နယ်လွှတ်တော် အဆောက်အအုံအသစ် ဆောက်လုပ်မယ့်ကိစ္စ ကို ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် အဲဒီမြေနေ ရာမှာ ဆောက်လုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံး ဆိုင်က ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ကို တွေ့ရစဉ်

ရှမ်းပြည်နယ် တောင်ကြီးမြို့က နှစ်ရှည်ထင်းရှူးပင်တွေရှိတဲ့ မြေနေရာမှာ ပြည်နယ်လွှတ်တော် အဆောက်အအုံ အသစ် ဆောက်လုပ်မယ့် ကိစ္စကို ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် အဲဒီမြေနေရာမှာ ဆောက်လုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်က ပြောပါတယ်။

လွှတ်တော်အဆောက်အအုံသစ် ဆောက်လုပ်မယ့်ကိစ္စအပေါ် ဦးဆောင်ကန့်ကွက်နေသူတွေကို လွှတ်တော် ဥက္ကဌက မနေ့က သူရဲ့နေအိမ်မှာ ခေါ်ယူတွေ့ဆုံပြီး ကတိပေးခဲ့တာဖြစ်တယ်လို့ သွားရောက်တွေ့ဆုံခဲ့ တဲ့ တောင်ကြီးမြို့ခံ ဦးအောင်ကျော်နိုင်က ပြောပါတယ်။

"လွှတ်တော်ဥက္ကဌနဲ့ ကျနော်တို့ အလွတ်သဘောပေါ့နော် သူ့အိမ်မှာသွားဆွေးနွေးတော့ ဒီကိစ္စကို သူမလုပ်တော့ဘူးတဲ့၊ ပြည်သူတွေမကြိုက်တဲ့ဟာတော့ သူတို့မလုပ်တော့ဘူးပေါ့နော် သူကတော့ပြောပါတယ်၊ ကျနော်တို့ကတော့ လက်မှတ်လှုပ်ရှားမှု လုပ်ထားပြီးသားဖြစ်တဲ့အတွက် ပထမတုန်းကတော့ လွှတ်တော် ဥက္ကဌနဲ့ မနေ့ကမတွေ့ခင်ကတော့ ကျနော်တို့က နိုင်ငံတော်သမ္မတအထိ တင်ပြမယ်ပေါ့နော်၊ ဒါပေမဲ့ လွှတ်တော်ဥက္ကဌကတော့ ဒီအပေါ်မူတည်ပြီးမှ ပြည်သူ့အသံကိုနားထောင်ပြီးမှ လုပ်ပါမယ်ဆိုတာ သူကိုယ်တိုင်က ကတိပေးတာဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ဝန်ကြီးချုပ်ကိုပဲ တင်ပြမယ်၊ မိတ္တူကိုတော့ လွှတ်တော်ဥက္ကဌနဲ့ သက်ဆိုင်ရာပြည်နယ်အတွင်းရေးမှူးပေါ့၊ အဲ့ဒီကိုပဲပေးမယ်လို့ ရည်ရွယ်ထားတယ်"

ရှမ်းပြည်နယ်လွှတ်တော်အဆောက်အအုံသစ် ဆောက်လုပ်မယ့် မြေနေရာမှာ နှစ်ပေါင်း ၁၅၀ ကျော် ကြာ သက်တမ်းရှိတဲ့ ထင်းရှူးပင်၊ ယူကလစ် ပင်နဲ့ တောင်ဇီးဖြူပင်တွေ အများအပြားရှိပြီး အဆောက် အအုံတည်ဆောက်မယ်ဆိုရင် နှစ်ရှည်ပင် ၈၀ လောက်ကို ခုတ်လှဲပစ်ရမှာ ဖြစ်တဲ့ အတွက် ဒေသခံတွေ က ပြီးခဲ့တဲ့ သြဂုတ်လ ၁၁ ရက်နေ့ကစပြီး ကန့်ကွက်နေကြတာဖြစ်ပါတယ်။

တောင်ကြီးမြို့အခြေစိုက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ဒေသခံတွေဆီကနေ ကန့်ကွက်ကြောင်း လက်မှတ်တွေကို ကောက်ခံနေပြီး ရရှိထား တဲ့ လက်မှတ်ပေါင်း တစ်သောင်းကျော် ကို မနက်ဖြန် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံ ပေးပို့သွားမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်အဆောက်အအုံကို အသစ်ပြန်လည်ဆောက်လုပ်ဖို့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဘတ်ဂျက်မှာ ရရှိထားတာဖြစ်ပါတယ်။

တည်ဆောက်မယ့်နေရာကို ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် ဒုတိယဦးစားပေး နေရာဖြစ်တဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတောင်ဘက်က မြေနေရာမှာ တည်ဆောက်သွားဖို့ စီစဉ်ဆောင်ရွက် သွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စီစဉ်ထားတယ်လို့လည်း ဦးအောင်ကျော်နိုင်က ပြောပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ရာကျော်ရှိပြီး လက်ရှိအဆောက်အအုံဟောင်းဟာ ကိုယ်စားလှယ်ဦးရေ ၅၀ အတွက်သာ ရည်ရွယ်ဆောက်လုပ်ခဲ့တဲ့အတွက် အဆောက် အအုံအသစ် ဆောက်လုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org