ရှမ်းပြည်နယ် တိုင်းရင်းသားပါတီများအဖွဲ့ချုပ် ဖွဲ့စည်း
ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ၁၃ ခု စုပေါင်းပြီး ရှမ်းပြည်နယ် တိုင်းရင်းသား ပါတီများအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
-
2016-11-08 -
-
-
ရှမ်းပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ၁၃ ခု စုပေါင်းပြီး ရှမ်းပြည်နယ် တိုင်းရင်းသားပါတီများအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
အခုလ လဆန်းပိုင်းက အတည်ပြု ဖွဲ့စည်းလိုက်တာဖြစ်ပြီး ရှမ်းပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီတွေ အနာဂတ်မှာ စုပေါင်းလုပ်ကိုင်နိုင်ဖို့ ရည်ရွယ်တယ်လို့ အဖွဲ့ချုပ်မှာ ပါဝင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်း က ပြောပါတယ်။
'' စည်းလုံးညီညွတ်မှုနဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီတွေ စည်းစည်းလုံးလုံးနဲ့ လာမယ့် အနာဂတ်မှာ စုပေါင်းပြီးတော့ အလုပ်လုပ်မှာပေါ့၊ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာရော၊ ဒီ ၂၁ ရာစု ပင်လုံဆွေးနွေးပွဲမှာရော၊ တိုင်းရင်းသားပါတီတွေ အရင်စုပြီးတော့ ဆွေးနွေးပြီးတော့ အဖြေထုတ်မှာ''
အဲဒီအဖွဲ့ချုပ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ အစရှိတဲ့ ပါတီတွေ ပါဝင်ကြပါတယ်။
လာမယ့် ဖေဖော်ဝါရီလထဲမှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံမှာ ရှမ်းပြည်နယ်ထဲ က နိုင်ငံရေးပါတီတွေရဲ့ သဘောထားတွေကို စုစည်းပြီး တင်ပြနိုင်ဖို့အတွက်လည်း ရည်ရွယ်ပြီး ဖွဲ့စည်းတာဖြစ်တယ်လို့လည်း သိရပါတယ်။
အဖွဲ့ဝင်ပါတီတွေအနေနဲ့ လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ရှမ်းပြည်နယ်ထဲက လစ်လပ်မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကြိုတင်ညှိနှိုင်းထားတယ်လို့ သိရပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ အဖွဲ့ထဲမှာ ရှမ်းပြည်နယ်က အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တော့ မပါဝင်သေးပါဘူး။
လက်ရှိအချိန်အထိ ရှမ်းပြည်နယ်ထဲမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီပေါင်း ၁၈ ခု ရှိပါတယ်။