ကျောက်မဲမှာ တိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးရ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ဟူးဆွန်တောင်ကြောတစ်ဝိုက်မှာ ရှမ်းတပ်နှစ်ဖွဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတာကြောင့် အနီးအနားရွာတွေက ဒေသခံတွေ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးနေကြ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတာပါ။
စစ်ရေးအရ အရေးပါတဲ့ ဟူးဆွန်တောင်ကြောပေါ်မှာ စခန်းလုပ်ထားတဲ့ RCSS တပ်စခန်းကို မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ် နေတာကြောင့် အနီးအနားက ဒေသခံတွေ ထွက်ပြေးနေကြရတာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၄ ရက် မနေ့ကအထိ ဟူးဆွန်၊ မြန်ဆိုင်း၊ ဟုံးလုံ၊ မန်ပေါက်စတဲ့ရွာတွေက ဒေသခံ စစ်ဘေး ဒုက္ခသည် ၁၀၀၄ ဦး ကျောက်မဲမြို့ပေါ်ကိုရောက်ရှိလာပြီး နိုဝင်ဘာလ ၅ ရက် ဒီနေ့မှာလည်း ထပ်မံ ထွက်ပြေးလာရသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးလာရသူတွေကို ကျောက်မဲမြို့ပေါ်မှာရှိတဲ့ ပရဟတိအဖွဲ့တွေက ကျောက်မဲမြို့နဲ့ (၁၂) မိုင်ခန့်ဝေးတဲ့ နမ့်မန်းရွာအထိ သွားရောက်ခေါ်ဆောင်ခဲ့ရပြီး ကျောက်မဲမြို့ရှမ်းစာပေယဉ်ကျေးမှုခန်းမ၊ မန်ကျောင်းရွာ၊ တောင်နောက်ကျောင်း စတဲ့နေရာတွေမှာ နေရာချပေးထားတယ်လို့ ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေး အသင်း တာဝန်ခံ ဦးတင်မောင်သိန်းက RFA ကို ပြောပါတယ်။
လက်ရှိထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားစရာနဲ့ နေစရာအခင်းတွေ အရေးပေါ် လိုအပ်တာကြောင့် အကူအညီတွေပေးကြဖို့လည်း မြို့ခံ ပရဟိတအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ရှမ်းတပ်နှစ်တပ်ရဲ့ တိုက်ပွဲကြောင့် ဒုက္ခသည်အရေအတွက် ၂၀၀၀ ကျော်အထိ ဖြစ်လာနိုင်တယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။