တန်းတူညီမျှတဲ့ ပညာသင်ကြားခွင့်ရရှိဖို့ SWAN တောင်းဆို
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တန်းတူညီမျှတဲ့ ပညာသင်ကြားခွင့်ရရှိဖို့အတွက် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က အစိုးရထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
-
2017-11-25 -
-
-
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ တန်းတူညီမျှတဲ့ ပညာသင်ကြားခွင့်ရရှိဖို့အတွက် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးအသင်း SWAN က အစိုးရထံ ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် နဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး SWAN က မြန်မာပြည် ဌာနေတာဝန်ခံ နန်းခမ်းယတ် က အခုလိုပြောပါတယ်။
"ပြောရမယ်ဆိုရင်တော့ ယောက်ျားနဲ့ မိန်းကလေးတွေက တန်းတူတယ်ဆိုတာက ကျမတို့ အမျိုးသမီးတွေ ဘာဖြစ်ဖြစ် နောက်ကျနေတယ်။ ဘာဖြစ်လို့ဆိုတော့ ယောက်ျားတွေက ဘာဖြစ်ဖြစ် အသက်အရွယ်ရ လာတာနဲ့ သူတို့က ကိုရင်လေးတွေ သွားဝတ်တယ်။ ဘုန်းကြီးကျောင်းမှာ စာသင်လို့ရတယ်။ အနည်း ဆုံးတော့ အခြားစာ မဟုတ်ရင်တောင်မှ ရှမ်းစာနော်၊ အဲလိုစာတွေကိုလည်း သင်ယူလို့ရတယ်။ ဒါပေမဲ့ ကျမတို့ အမျိုးသမီးတွေက ဘာဖြစ်ဖြစ် အဲဒီဟာတွေထဲ ပါဝင်ခွင့်ဆိုတာ အလှမ်းတွေ အရမ်းဝေးနေတယ်ပေါ့နော်။"
စစ်ရေး ပဋိပက္ခတွေဖြစ်ပွားနေတဲ့အတွက် အမျိုးသမီးငယ်တွေ ပညာသင်ကြားခွင့်ကို အနှောင့်အယှက်ဖြစ်စေ တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒ့ါအပြင် လက်ရှိ သင်ရိုးညွှန်းတမ်းတွေမှာ ကျား-မ ဘက်လိုက်မှုတွေရှိပြီး လိင်ခွဲခြားမှု အကြောင်းအရာတွေ ပါဝင်နေတဲ့ သင်ကြားမှု မူဘောင်ဖြစ်နေတယ်လို့လည်း ဆိုထားပါတယ်။
မူလတန်းအဆင့် ကျောင်းတွေမှာ သင်ကြားရေးသုံးဘာသာစကားဟာ မြန်မာဘာသာစကား ဖြစ်နေတာဟာ တိုင်ရင်းသားပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှုဖြစ်စေပြီး တိုင်းရင်းသူ မိန်းကလေးငယ်တွေ ကျောင်းထွက်မှုကို ပိုမိုဖြစ်ပေါ်စေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ပဋိပက္ခဖြစ်ပွားရာနေရာတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတာဟာ မိန်းကလေးငယ်တွေ ပညာဆက်လက်မသင်ကြားနိုင်အောင် တွန်းပို့နေတဲ့ အကြောင်းတရား ဖြစ်စေတယ်လို့လည်း ပါရှိပါတယ်။
မြန်မာအစိုးရအနေနဲ့ ပညာရေးအသုံးစားရိတ်ကို အနည်းဆုံး နိုင်ငံအသားတင် ကုန်ထုတ်မှုတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲဖို့လည်း တောင်းဆိုလိုက်ပါတယ်။
တဆက်တည်းမှာပဲ ရှမ်းပြည်နယ်နဲ့ တခြားတိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။