ရွှေဘိုမြို့နယ် ရှားတောရွာခံ ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံတွေ ပြော
ရွှေဘိုမြို့နယ်ထဲကက ရှားတောရွာကို စစ်ကြောင်းဝင်ရောက်စီးနင်းပြီး ဒေသခံ ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
-
RFA Burmese
2024-04-07 -
-
-
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲကက ရှားတောရွာကို ဧပြီလ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ အင်အားငါးဆယ်ခန့်ပါ စစ်ကြောင်းဝင်ရောက်စီးနင်းပြီး ဒေသခံ ငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အသက်ငါးဆယ်ကနေ ရှစ်ဆယ်အကြား ဒေါ်ညွှန့်ရင်၊ ဦးစိုးအောင်၊ ဦးအုန်းမောင်၊ ဦးနောင်နောင်ထွန်းနဲ့ ဦးဝင်းခင်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ဦးအုန်းမောင်နဲ့ ဒေါ်ညွှန့်ရင်တို့ကတော့ မီးရှို့သတ်ဖြတ်ခံခဲ့ရပြီး ကျန်သုံးဦးကတော့ သေနတ်နဲ့ပစ်သတ်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွေဘိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မပြေးနိုင်မလွှားနိုင်လို့ ကျန်နေခဲ့တဲ့သူတွေကို ဖမ်းပြီးသတ်သွားတာပေါ့။ လောလောဆယ်က ရွာထဲမှာ စစ်ကြောင်းက ရှိနေသေးတယ်။ သတ်ထားတဲ့ ဒေသခံအလောင်းတွေကို ရွာပြင်ထုတ်ထားလို့ သိရတာပါ။ နေအိမ်တွေလည်း မီးရှို့ခံထားရတယ် လောလောဆယ်တော့ နှစ်ဆယ်ကျော်အထက်မှာ မီးလောင်သွားတယ်"
အိမ်ခြေလေးရာကျော်နဲ့ လူဦးရေ တစ်ထောင်နီးပါးရှိတဲ့ ရှားတောရွာက ဒေသခံအများစုကတော့ စစ်ကြောင်းတွေကြောင့် နီးစပ်ရာရွာတွေနဲ့ တောင်ယာတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရှားတောရွာကို စစ်တပ်က ဝင်ရောက်စီးနင်းရာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဧပြီလ ၇ ရက် ဒီနေ့မှာ ရေးသားထားကြပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဧပြီလ ၅ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ ပြည်သူ ၄,၈၅၂ ဦး သေဆုံးခဲ့ပါတယ်။