ရေဦးမြို့နယ် ရှော်ဖြူရွာ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရ
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရှော်ဖြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဇန်နဝါရီလ ၁၁ ရက်၊ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-01-11 -
-
-
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရှော်ဖြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဇန်နဝါရီလ ၁၁ ရက်၊ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးတာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၁၂၀ နီးပါးရှိတဲ့ ရှော်ဖြူရွာက နေအိမ် ၉၀ မီးလောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား ၂၀၀ လောက်က ရှော်ဖြူရွာကို ဇန်နဝါရီလ ၁၀ ရက်မှာ ဝင်ရောက်စီးနင်းခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းဝင်တာက မနေ့ကတည်းကဝင်တာ။ ဒီနေ့မနက်မှာပဲ မီးရှို့သွားတာ စစ်ကြောင်းကတော့ အခုပြန်ထွက်သွားပြီ။ လောင်သွားတာက တစ်ရွာလုံးနီးပါးပဲ"
အရပ်သား ၃၀၀ ဝန်းကျင်ကတော့ မနေ့ကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီတပ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစလို့ ရေဦးမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်နေတာပါ။
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာပထမပတ်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် နယ်မြေ ရှင်းလင်းရေးအတွင်း ရွာပေါင်း ၂၁ ရွာက နေအိမ် ၂၁၃၁ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဋိပက္ခအတွင်း မီးလောင်မှုဖြစ်စဉ်တွေကို စာရင်းပြုစုနေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်း အတွင်း နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ဒီအပြင် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းက ဒေသခံ ခြောက်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။