CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဟားခါးမြို့က ဈေးဆိုင်အားလုံးပိတ်
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကို ဝမ်းနည်းတဲ့အတွက် ချင်းပြည်နယ် ဟားခါးမြို့က ဈေးဆိုင်တွေအားလုံး ဇန်နဝါရီလ ၁၁ ရက်မှာ ပိတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
-
RFA Burmese
2023-01-11 -
-
-
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကို ဝမ်းနည်းတဲ့အတွက် ချင်းပြည်နယ် ဟားခါးမြို့က ဈေးဆိုင်တွေအားလုံး ဇန်နဝါရီလ ၁၁ ရက်မှာ ပိတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မြန်မာ- အိန္ဒိယနယ်စပ် ထန်တလန်မြို့နယ်က CNF ဌာနချုပ်ရှိရာ ဝိတိုရိယစခန်း (Camp Victoria) ကို ဇန်နဝါရီလ ၁၀ ရက်ညနေ ၄ နာရီဝန်းကျင်မှာ လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုအတွင်း CNF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ CNF ဌာနချုပ် အနီးအနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ ဆလိုင်းဗန်ကျဲအို၊ မိုင်ငွန်လှေပါရ်၊ မိုင်ရွှေလဲန်ပါရ်၊ ဆလိုင်းဒုသင်နဲ့ ဆလိုင်းကီလ်မန်တို့ ဖြစ်ပါတယ်။
ဟားခါးမြို့မှာ ဈေးဆိုင်တွေအားလုံးကိုပိတ်ပြီး သေဆုံးထိခိုက်သူတွေအတွက် ဝမ်းနည်းမှုကို ပြသတာလို့ ဟားခါးမြို့ခံ တစ်ဦးက ပြောပါတယ်။
Halkha Campaign For Justice အဖွဲ့ကလည်း ဇန်နဝါရီလ ၁၁ ရက်မှာ ဟားခါးမြို့က ဆိုင်တွေပိတ်ထားဖို့ လှုံ့ဆော်ခဲ့ပါတယ်။
ဇန်နဝါရီလ ၁၀ ရက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံးက အိန္ဒိယနိင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက် ကျရောက်ပေါက်ကွဲခဲ့ပြီး မီဇိုရမ်ပြည်နယ်၊ ဖာရ်ရော်ကျေးရွာထဲကို ဗုံးအစအနတွေ ကျလာရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။
ချင်းအမျိုးသားတပ်ဦး (CNF) ဟာ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်း ပြီးနောက် ဒေသတွင်း လက်နက်ကိုင်ပုန်ကန်မှုတွေမှာ ပါဝင်ခဲ့သလို အမျိုးသားညီညွတ်ရေး အစိုးရနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီအချက်တွေကြောင့် စစ်ကောင်စီတပ်က CNF ဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ဖို့ စီစဉ်ခဲ့ပြီး အဲဒီလျှို့ဝှက်အစီအစဉ်ဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အပြင်ကို ပေါက်ကြားခဲ့တာပါ။