ဆောမြို့မှာ CDF ကန်ပက်လက် ဒုတပ်ရင်းမှူးနဲ့ ဖခင်ဖြစ်သူ ပစ်သတ်ခံရ

ဆောမြို့မှာ CDF ကန်ပက်လက်အဖွဲ့ တူမီးတပ်ရင်း ဒုတိယတပ်ရင်းမှူးနဲ့ ဖခင်ဖြစ်သူ ခရစ်ယာန်ဓမ္မဆရာ ဦးမန်ကွီးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့ပါတယ်။

မကွေးတိုင်း၊ ဆောမြို့နယ် အဝင်ဆိုင်းဘုတ်အား တွေ့ရစဉ်။ ဆောမြို့နယ်သူ/သားများဆုံဆည်းရာ

မကွေးတိုင်း၊ ဆောမြို့မှာ နိုဝင်ဘာလ ၇ ရက်နေ့က CDF ကန်ပက်လက်အဖွဲ့ တူမီးတပ်ရင်း ဒုတိယတပ်ရင်းမှူးနဲ့ ဖခင်ဖြစ်သူ ခရစ်ယာန်ဓမ္မဆရာ ဦးမန်ကွီးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ဒီနေ့ပြောပါတယ်။

ဆောမြို့ကိုရောက်နေတဲ့ ခရစ်ယာန်ဓမ္မဆရာ ဦးမန်ကွီးဟာ မိတ်ဆွေနဲ့အတူရှိနေချိန် အရပ်ဝတ်နဲ့ အမည်မသိသူ တစ်ဦးက ဦးခေါင်းကို အနီးကပ် ပစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ဖခင်ဖြစ်သူရဲ့အလောင်းကို ပြန်ယူဖို့သွားတဲ့ CDF ကန်ပက်လက်အဖွဲ့ တူမီးတပ်ရင်း ဒုတပ်ရင်းမှူး ဆလိုင်းလှေမန်လည်း အပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆရာက ဆောကို ရောက်နေချိန်မှာ သိပ်မကြာဘူး။ သူ့မိတ်ဆွေတွေနဲ့ စကားပြောချိန်မှာ အရပ်ဝတ်နဲ့ လူတစ်ယောက်က အနီးကပ် ခေါင်းကိုပစ်သွားတာ။ အဲဒီနောက်မှာ စစ်သား နှစ်ဆယ်လောက်က အလောင်းနားမှာ ကင်းပုန်းဝပ်ကြပြီးတော့ နေကြတယ်။ အဲဒီအချိန်မှာ ဒုတပ်ရင်းမှူးက သူ့အဖေသတင်း ကြားတော့ လာတယ်။ အဲဒီမှာ စစ်သားတွေက ပစ်လိုက်တော့ ရင်ဘတ်ကို ထိသွားတယ်။ ပြန်တော့ ဆုတ်သွားပေမယ့် အသက်မရှင်ဘူး။ ပါစတာရဲ့ အလောင်းကိုတော့ တပ်ထဲကိုယူသွားတယ်”

စစ်ကောင်စီတပ်သားတွေဟာ အနီးအနား ပတ်ဝန်းကျင်ကိုပါ ပစ်ခတ်ခဲ့ပြီး ဒေသခံတချို့ကိုပါ ဖမ်းဆီးဖို့ လုပ်ခဲ့တာကြောင့် အဲဒီအနီးအနားမှာ နေထိုင်တဲ့ ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ဆောမြို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ စစ်ရေး တင်းမာနေတာကြောင့် အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်လို့ CDF ကန်ပက်လက်က ပြောထားပါတယ်။

စစ်တပ် အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့အထိ နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ခရစ်ယာန် ဘာသာရေး ဓမ္မအမှုတော်ဆောင် ငါးဦး၊ ခရစ်ယာန်သင်းထောက် သုံးဦး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org